ကျမ်းကိုးစာရင်း---- မင်းလူ

Posted by ဖက်တီးလေး at 7:45 PM

Saturday, September 19, 2009

ပုံ့ပုံ့ ကဟာသလေးတွေတင်ပါဦးလို့ ပြောတာရယ်... နောက်ပြီး ဒီနေ့ဖတ်ဖြစ်တဲ့ “ဆရာ မင်းလူ” ရဲ့ “ကျမ်းကိုးစာရင်း” ဆိုတဲ့ စာအုပ်ကလေးထဲက စာသားလေးတွေကို သဘောကျမိတာရယ်ကြောင့် အဲဒီထဲက စာလေးတွေကို သူငယ်ချင်းအားလုံးကို မျှဝေလိုက်ပါတယ်...

(၁)
ယုတ္တိဗေဒသမားတစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ်(၄၈)ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ်(၄၇)ကားကို တက်စီးလိုက်၏။ လမ်းဆုံမှာဆင်းပြီး အမှတ်(၁) ကားကို ပြောင်းစီးလိုက်သည်။ “(၄၇) နှင့် (၁) နဲ့ပေါင်းတော့ (၄၈) ဖြစ်သွားတာပေါ့..” ဟု သူကသတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ရောက်သွားလေသည်။

(၂)
စာပေသမားတစ်ယောက်သည် ကားတစ်စီးငှားပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစားချိန်ရောက်သောအခါ မြို့ငယ်တစ်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဒရိုင်ဘာက “ထမင်းစားကြရအောင် ဆရာ..ဒီဆိုင်ကဟင်းတွေ သိပ်ကောင်းတယ်...” ဟုပြောသည်။ စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီးခေါင်းခါလိုက်သည်။ “ဆိုင်းဘုတ်ကိုကြည့်စမ်း..ထမင်းဆိုတဲ့စာလုံးကို “ထဆင်ထူး”နဲ့ “မ” ကို နှစ်လုံးဆင့်ရေးထားတယ်။ သတ်ပုံမှားနေတယ်။” ဟု မနှစ်မြို့ဟန်ဖြင့်ပြောသည်။ ထိုအခါ ဒရိုင်ဘာက “ဆရာက ထမင်းစားမှာလား.. သတ်ပုံစားမှာလား..”ဟုပြန်မေးလိုက်လေသည်။

(၃)
ပညာရှိကြီးက စာအုပ်ပုံကို လက်ညိုးထိုးပြပြီး “ဟောဒီ စာအုပ်တွေဟာ ငါ့ရဲ့အတွေးအခေါ်တွေပဲ။ ” ဟုဆို၏။ “အဲဒီ အတွေးအခေါ်တွေ ပေါင်းလိုက်ရင် အချိန် (၁၀)လောက်တော့ ရှိမယ်နော်.. ဆရာကြီး” ဟု ဘော်တယ်ကုလားက ပြန်ပြောလိုက်၏။

(၄)
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်းငေးမောနေသော အလုပ်လက်မဲ့တစ်ယောက်နားသို့ ဘောဂဗေဒပညာရှင်တစ်ယောက် ရောက်ရှိလာ၏။ သူက “မင်း အလုပ်တစ်ခုခုကို ကြိုးကြိုးစားစား လုပ်သင့်တယ်။ ဒါမှ အသက်ကြီးလာတဲ့အခါ ဇိမ်နဲ့နေနိုင်မှာပေါ့။”ဟု အကြံပေးညွှန်ကြားသည်။ ထိုအခါ အလုပ်လက်မဲ့က ပြန်ပြော၏။ “ဒါဆို ဘာလုပ်နေစရာလိုတော့လို့လဲဗျာ။ အခုလဲ ကျွန်တော် ဇိမ်နဲ့ထိုင်နေတာပဲ။” ဟု ပြန်ပြောလိုက်၏။

(၅)
သင်္ချာသမားတစ်ယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို ဖတ်ကြည့်သည်။ “ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၅၀)” ဟု ထင်မြင်ချက်ပေးထားသည်။ ထို့ကြောင့် သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန်တပ်လျက် ထွက်သွားလေသည်။

(၆)
“ယောက်ျားတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းဆုံးရှုံးရတဲ့အထိ ဖြစ်သွားတတ်တယ်” ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က “မိန်းမတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။

သူငယ်ချင်းအားလုံး ပျော်ရွှင်စရာနေ့လေးတွေကို ပိုင်ဆိုင်ကြပါစေလို့...

0 comments: