Weather Studio Desktop Toolbar လေးသုံးချင်ရင်...

Posted by ဖက်တီးလေး at 9:00 PM

Friday, October 31, 2008

အခုပြောပြချင်တာလေးကတော့ Weather Studio Desktop Toolbar လေးပါ။
install လုပ်ပြီးသွားရင် ပုံမှာပြထားသလို start button လေးနေရာမှာ weather status လေးတွေမြင်ရမှာဖြစ်ပါတယ်။ Text Color


ဒီနေ့ နဲ့ မနက်ဖြန် ၂-ရက်စာမြင်ရမှာဖြစ်ပါတယ်။
Weather Studio နဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပြောပြထားစရာလေးတွေရှိပါတယ်။
ပထမတစ်ခုက Weather Studio ကို Windows 98/ME/NT/2000/XP တွေမှာ အသုံးပြုနိုင်ပေမယ့် Window Vista မှာတော့ အသုံးပြုလို့ မရသေးပါဘူး။
နောက်တစ်ခုက Weather Studio ကို AVG antivirus က trojan လို့ သတ်မှတ်တာကြောင့် တကယ်လို့များ install လုပ်ချင်ခဲ့မယ်ဆိုရင် AVG ကို ခဏလေး exit လုပ်ထားပေးဖို့လိုပါတယ်။
ဒါ့ကြောင့် မိမိအတွက် သိပ်လည်းမလိုအပ်ဘူး...နောက်ပြီး...trojan virus ဖြစ်မှာကိုလည်း စိုးရိမ်တယ်ဆိုရင်တော့ မသုံးသင့်ပါဘူး။
ဒါပေမယ့် ကိုယ်အတွက်တော့ သုံးရတာ အဆင်ပြေတယ်... ဘာ error မှမရှိဘူး။
နောက်ပြီး တော်တော်လည်း အသုံးဝင်တယ်။
ကိုယ်က weather news တွေကို တကူးတက မကြည့်ဖြစ်ဘူးလေ...
တစ်ခါကဆို ကျောင်းသွားခါနီး ခြောက်ခါနီးအ၀တ်တွေကို မရုတ်ပဲ (ပိုခြောက်အောင်လို့) ဒီတိုင်းထားခဲ့တာ မိုးက မထင်မှတ်ပဲတစ်နေကုန်ရွာပါလေရော...
ပြန်လာတော့ အားလုံး ရွဲရွဲကို စိုနေတာပဲ...
ဒီ Weather Studio လေးကို သုံးပြီးနောက်ပိုင်းတော့ အဲလို ကိစ္စလေးတွေ နည်းနည်း ဆင်ခြင်လို့ရလာတယ်လေ...
ဒါကြောင့် ကိုယ့်အတွက်တော့ အသုံးဝင်တယ်လို့ပြောတာ...

ဘာပဲဖြစ်ဖြစ် စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ download လုပ်ယူနိုင်ပါတယ်။

ဆက်ဖတ်ရန်...

ဘယ်နိုင်ငံက ထုတ်တာလဲ...

Posted by ဖက်တီးလေး at 11:24 PM

Monday, October 27, 2008

အခုဆိုရင် ကမ္ဘာတ၀ှမ်းမှာ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများတဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ပြသနာတွေကြုံတွေ့နေရတယ် ဆိုတာ အားလုံးသတိထားမိကြမှာပါ။
တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ (တခြားနိုင်ငံလုပ်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ရင်) ဈေးသက်သာတာကြောင့် ကမ္ဘာတ၀ှမ်းမှာ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းနဲ့ ကင်းကွာတဲ့နိုင်ငံဆိုတာ မရှိသလောက်ပါပဲ။
သို့သော်လည်း စားသုံးသူအများစုအနေနဲ့ကတော့ "Made in China" ဆိုတာကို မကြိုက်ကြပါဘူး။ (ကိုယ်ကတော့ မုန်းမှမုန်းပဲ။)
ဒါကိုသိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သူတို့တွေရဲ့ကုန်ပစ္စည်းတွေမှာ "Made in China" လို့ သိပ်ပြီးတော့ မတပ်ကြတော့ပါဘူး။
ဒါပေမယ့် စားသုံးသူတစ်ယောက်အနေနဲ့ မိမိဝယ်ယူမယ့်ပစ္စည်းက ဘယ်နိုင်ငံက ထုတ်လုပ်တာလဲဆိုတာကို သိရှိခွင့်၊ ရွေးချယ်
ဝယ်ယူခွင့်တော့ ရှိသင့်ပါတယ်။
အဲဒီတော့ ပစ္စည်းတစ်ခုဝယ်ရင် ဘယ်နိုင်ငံကထုတ်တာလဲဆိုတာသိအောင် ဘယ်လိုလုပ်ကြမလဲ။
ဒါကတော့ barcode လေးတွေရဲ့ ပထမကိန်းဂဏန်း(၃)လုံး ကိုကြည့်ပြီး သိနိုင်ပါတယ်။
အခုဒီမှာဖော်ပြထားတာလေးတွေကတော့ နိုင်ငံတချို့ရဲ့ product barcode Number တွေပဲဖြစ်ပါတယ်။
(Website တစ်ခုမှာ ကိုယ်ရှာလို့တွေ့သလောက်ပဲတင်ပေးလိုက်တာပါ။ တကယ်လို့ တခြား code တွေများသိခဲ့ရင် ပြောပြစေချင်ပါတယ်။)


Barcode Country
00 ~ 13 USA & Canada
30 ~ 37 France
40 ~ 44 Germany
49 Japan
50 UK
57 Denmark
64 Finland
76 Switzerland and Lienchtenstein
471 Taiwan
480 Philippines.
628 Saudi-Arabien
629 United Arab Emirates
690~695 China
740 ~ 745 Central America
barcode number 690 ကနေ 695 အထိက တရုတ်နိုင်ငံမှထုတ်လုပ်သော ကုန်ပစ္စည်းများဖြစ်ကြောင်း၊ သတိပြုဝယ်ယူနိုင်ကြ ပါရန် သတိပေးလိုက်ရပါတယ်။
တရုတ် melamine ကိစ္စကြားတော့ တော်တော်လန့်ပြီး ကိုယ့်မှာရှိတဲ့ Coffee Mateတွေ၊ တခြားစားစရာတွေကို ဘယ်ကထုတ်တာလဲလို့ အသည်းအသန်ရှာမိရာက သူငယ်ချင်းအားလုံးကိုပါ မျှဝေပေးချင်လို့ပါ။

ဆက်ဖတ်ရန်...

ပုန်းနေသူကို ရှာချင်ရင်...

Posted by ဖက်တီးလေး at 10:08 AM

အရင်က Gtalk ရဲ့ Status လေးတွေဆိုတဲ့ ခေါင်းစဉ်နဲ့ gmail မှာ invisible mode နဲ့ chat လို့ရတယ်ဆိုတာကို ရေးခဲ့ပြီးသားပါ။
အခုပြောပြမှာက အဲဒီလို invisible mode နဲ့ တိတ်တိတ်လေး chat နေသူများကို မိအောင်ရှာဖွေနည်းလေးပါ။

ပထမဆုံးကတော့ gtalk မှာ sign in လုပ်လိုက်ပြီး နောက်ကိုယ့်စိတ်ထဲမှာ invisible ဖြစ်နေတယ်လို့ထင်တဲ့လူကို click လုပ်ပြီး chat box နဲ့ သပ်သပ်ထုတ်လိုက်ပါ။
ပြီးရင် ပုံမှာပြထားသလို chat box ရဲ့ ညာဘက်နားက မြှားလေးကိုနှိပ်ပြီး "Go off the record" ဆိုတာလေးကို click လုပ်လိုက်ပါ။


အဲဒီနောက် ကိုယ်ပို့ချင်တဲ့ message (ဥပမာ. "Hello" ) ဆိုတာမျိုး ရိုက်ပြီး ပို့ကြည့်လိုက်ပါ။
ပုံမှာပြထားသလို "fattylay.jpn@gmail.com is offline and can't receive messages right now" ဆိုတဲ့ စာတမ်းအနီရောင် ပေါ်လာရင် အဲဒီလူက အမှန်တကယ် offline ဖြစ်နေတာပါ။

အဲလိုမဟုတ်ဘဲ ဘာစာတမ်းမှပေါ်မလာဘူးဆိုရင်တော့ သေချာပြီ...invisible နဲ့ တိတ်တိတ်လေး chat နေတာပေါ့...
“သိနေတယ်နော်...ဟဲဟဲ” လို့သာပြောလိုက်ပေတော့...:P

အရေးကြီးတာတစ်ခုက အဲဒီလိုစမ်းသပ်ပြီးရင် ခုနတုန်းက chat record ပိတ်ထားခဲ့တာကို ပုံမှာပြထားသလို "stop chatting off the record" ကို click လုပ်ပြီး ပြန်ဖွင့်ပေးခဲ့ဖို့ မမေ့နဲ့နော်။

မဟုတ်ရင် သူနဲ့ ပတ်သက်တဲ့ chat message တွေကိုယ့်ရဲ့ chat history ထဲမှာကျန်ခဲ့မှာ မဟုတ်တော့သလို၊ အမှန်အကန် offline ဖြစ်နေတုန်းမှာ ပို့လိုက်တဲ့ offline message တွေကိုလည်း ရတော့မှာ မဟုတ်တော့လို့ပါ။
ကဲ...အားလုံးပဲ...တိတ်တိတ်လေးပုန်းနေသူတွေကို “ တူတူ..ရေ...၀ါး...” လုပ်ကြရအောင်နော်။

ဆက်ဖတ်ရန်...

Posted by ဖက်တီးလေး at 4:25 PM

Saturday, October 25, 2008

Welcome To Fattylay Space

ဆက်ဖတ်ရန်...

မူသူ့နှင့် သူ၏ဟာသများ...

Posted by ဖက်တီးလေး at 8:40 PM

Friday, October 24, 2008

၁)
Interview တစ်ခုတွင်...
မေးမြန်းသူ - မင်းရဲ့ မွေးနေ့ကဘယ်နေ့လဲ။
မူသူ့ - အောက်တိုဘာ (၁၃) ရက်။
မေးမြန်းသူ - ဘယ်နှစ်လဲ။
မူသူ့ - နှစ်တိုင်းပဲ။

၂)
နိုင်ငံခြားခရီးတစ်ခုမှ ပြန်ရောက်လာပြီးနောက်...
မူသူ့ - ငါကနိုင်ငံခြားသားတစ်ယောက်နဲ့တူလား။
ဇနီး - ဟင့်အင်း..မတူပါဘူး။ ဘာဖြစ်လို့လဲ။
မူသူ့ - လန်ဒန်မှာတုန်းက အမျိုးသမီးတစ်ယောက်က ငါ့ကို နိုင်ငံခြားသားလားလို့မေးလို့ပါ။

၃)
နိုင်ငံခြားသားခရီးသည်တစ်ယောက် မူတူးနေထိုင်ရာမြို့သို့ရောက်ရှိလာပြီး...
နိုင်ငံခြားသား - ဒီမြို့မှာ နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက်ယောက်များ မွေးဖွားခဲ့ပါသလား။
မူသူ့ - ဟင့်အင်း...ဒီမြို့မှာ ကလေးတွေကိုပဲ မွေးပါတယ် ခင်ဗျာ။

၎)
Interview တစ်ခုတွင်...
မေးမြန်းသူ - ခင်ဗျားစိတ်ထဲမှာ အခု ခင်ဗျားက အထပ်(၂၀)မြင့်တဲ့ တိုက်ပေါ်မှာရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်။
အဲဒီအချိန်မှာ မီးလောင်တယ်ဆိုကြပါစို့...ခင်ဗျားဘာလုပ်မလဲ။
မူသူ့ - လွယ်လွယ်လေးပဲ...စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့။


၅)
တစ်ခါက မူသူ့နှင့်သူ့အမျိုးသမီး Taxi စီးရာတွင် ဒရိုင်ဘာက နောက်ကြည့်မှန်ကို အမျိုးမျိုး ချိန်နေသည်ကိုကြည့်ပြီး ...
မူသူ့ - ဟေ့လူ...ခင်ဗျား ကျုပ်အမျိုးသမီးကို ကြည့်ဖို့ ချိန်နေတာမဟုတ်လား။ ကျုပ်ကို ဒါမျိုးလုပ်လို့ ဘယ်ရမလဲ။
လာ..ခင်ဗျား နောက်မှာလာထိုင်၊ ကျုပ်မောင်းမယ်။

ဆက်ဖတ်ရန်...

Desktop Effect လေးတွေသုံးချင်ရင်....

Posted by ဖက်တီးလေး at 1:02 PM

တစ်ခါတစ်လေ ကိုယ်က email သုံးနေတဲ့အချိန်၊ တခြား web site တွေကြည့်နေတဲ့အချိန်မျိုးမှာ Professor ရောက်လာခဲ့ရင် မြန်မြန် Minimize လုပ်လိုက်ပေမယ့်လည်း Task bar ပေါ်မှာ ကိုယ်ဖွင့်ထားတဲ့ application တွေကို မြင်နေနိုင်ပါသေးတယ်။
chatting လုပ်နေချိန်ဆို ပိုဆိုးသေးတယ်...Task bar ပေါ်မှာ chat msg က မှိတ်တုတ်မှိတ်တုတ်နဲ့...
အခုပြောပြမှာက key တစ်ချက်နှိပ်ရုံနဲ့ Desktop Screen တစ်ခုကနေ နောက်တစ်ခုကို ပြောင်းသွားစေမယ့် ဆော့ဖ်ဝဲလ်လေးပါ။


အဲဒါကတော့ Shock4Way3D ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
သူက Desktop Screen ၄-မျိုးထိပြောင်းနိုင်ပါတယ်။
Desktop Screen တစ်ခုဆီမှာ ကိုယ်နှစ်သက်ရာ applicationတွေ၊ web page တွေဖွင့်ထားနိုင်ပြီး၊ Desktop တစ်ခုနဲ့ တစ်ခုလည်း အလွယ်တကူပြောင်းနိုင်တဲ့အတွက် သုံးရတာ အဆင်ပြေပါတယ်။
(ကိုယ်ကတော့ Desktop Screen တစ်ခုမှာ ကျောင်းစာနဲ့ ပတ်သက်တာတွေဖွင့်ထားပြီး၊ နောက်တစ်ခုမှာ ကျောင်းစာနဲ့မဆိုင်တာ တွေ ဖွင့်ထားတယ်။)


နောက်တစ်ခုက Desktop Screen 1,2,3,4 ပြောင်းဖို့ shortcut key ကိုလည်း မိမိနှစ်သက်ရာ key ကို ရွေးချယ်အသုံးပြုနိုင် ပါတယ်။
(ကိုယ်ကတော့ Up,Down,Left,Right ကို သုံးထားတယ်)
installation လုပ်ပြီးသွားရင် Task bar icon tray ထဲက Shock4Way3D icon ပေါ်မှာ right-click လုပ်ရင် အခုလိုမြင်ရမှာပါ။



နောက်ထပ်တခြား effect လေးတွေလည်းလုပ်လို့ရသေးတယ်...
စမ်းသုံးကြည့်ချင်ရင်
ဒီမှာ download လုပ်ယူနော်...
သူက Window XP မှာရော Vista မှာပါသုံးလို့ရတယ်။

သူငယ်ချင်းအားလုံး Shock4Way3D ကိုသုံးရင်း ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ...

Posted by ဖက်တီးလေး at 10:13 PM

Wednesday, October 15, 2008

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။)
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။

ပထမဆုံး ကိုယ်သိချင်တဲ့သူကို 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ရအောင်နော်...

ဆက်ဖတ်ရန်...

Gmail ရဲ့ feature လေးတစ်ခု...

Posted by ဖက်တီးလေး at 8:02 PM

Gmail ဟာဆိုရင် သူ့ရဲ့user တွေကို သုံးရတာ အဆင်ပြေသထက်ပြေအောင် feature အသစ်၊ အသစ်တွေ အမြဲတမ်း ပံ့ပိုးပေးနေလေ့ရှိပါတယ်။
Email user တစ်ယောက်အတွက် ကိုယ့်ရဲ့ email security ရှိမှုဟာ အရေးပါဆုံးအချက်ဖြစ်ပါတယ်။
အဲဒီအတွက်လည်း 'remote sign out' ဆိုတဲ့ feature လေးကို ၂၀၀၈ခုနှစ် ဇူလိုင်လကစပြီး ပံ့ပိုးပေးခဲ့ပါတယ်။

တစ်ချို့user တွေက email ကို ကွန်ပျူတာအမျိုးမျိုး၊ နေရာအမျိုးမျိုးကနေသုံးတတ်ပါတယ်။
တစ်ခါတစ်လေ ကိုယ့် account ကို sign out လုပ်မှလုပ်မိရဲ့လားဆိုပြီးတော့လည်း ဇဝေဇ၀ါ ဖြစ်တတ်ပါသေးတယ်။
ကိုယ့် account ကို တခြားသူတွေများသုံးနေသလား၊ တခြားတစ်နေရာရာမှာများ ကိုယ် sing out မလုပ်ခဲ့မိလို့ ကိုယ့်ရဲ့ account ပွင့်နေသလား ဆိုတာတွေကို စစ်ဆေးကြည့်နိုင်ပြီး၊ တကယ်လို့ တခြားတစ်နေရာရာမှာ ကိုယ် account ပွင့်နေတာတွေ့ခဲ့ရင်လည်း remote sign out လုပ်နိုင်ပါတယ်။
အဲဒီအတွက် ဘာမှ ထူးထူးခြားခြား install လုပ်စရာမလိုပါဘူး။
ကိုယ်သုံးတဲ့ browser က Firefox သို့မဟုတ် Internet Explorer 7 ဖြစ်ဖို့ပဲလိုပါတယ်။
ကိုယ့် email web page ရဲ့အောက်ခြေနားမှာ အခုပြထားသလိုမျိုး message လေးတွေ့မှာပါ။


Last account activity” ရဲ့နောက်က “Details” ဆိုတာလေးကို click လုပ်လိုက်ရင် 'Activity on this account' ဆိုတဲ့ page တစ်ခုတက်လာပါလိမ့်မယ်။


အဲဒီမှာ ကိုယ့် account ကို ဘယ်အချိန်မှာ ဘယ် IP နဲ့ ဘယ်လို Access Type မျိုး (eg. browser, Mobile, POP3)ကနေ အသုံးပြုခဲ့/နေတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
recent activity list ၅-ခု ထိ မြင်ရမှာဖြစ်ပါတယ်။
တခြားတစ်နေရာရာမှာ ကိုယ် account ပွင့်နေတာတွေ့ခဲ့ရင်လည်း 'Sign out all other sessions" ဆိုတာလေးကို click လုပ်ပြီး remote sign out လုပ်နိုင်ပါတယ်။
အမှတ်တမဲ့နဲ့ သတိမထားမိသေးသော သူငယ်ချင်းများကို ဝေမျှပေးခြင်းဖြစ်ပါသည်။


ဆက်ဖတ်ရန်...

Gtalk ရဲ့ status လေးတွေ...

Posted by ဖက်တီးလေး at 5:52 PM

Gtalk မှာ ကိုယ့်ရဲ့ status ကို busy sign ပြထားပါရဲ့သားနဲ့ 'Hi' လာလုပ်တဲ့သူတွေကို အနည်းဆုံး 'Hi...I am busy!' လို့ပြန်ပြောရသေးတယ်။
မဟုတ်ရင် မာနကြီးတာလား၊ ဘာလားနဲ့ နောက်ဆက်တွဲ ဖြေရှင်းနေရတာမျိုးတွေရှိတတ်တယ်။
အဲဒါမျိုးတွေ မဖြစ်ချင်ရင် gAlwaysIdleSetup ကို install လုပ်ထားလိုက်ရင် ရပြီ။

ကိုယ့်ရဲ့ status က idle ဆိုတော့ ကိုယ်ပြန်မပြောတာကို နောက်ပိုင်းမှာ ရစ်လာခဲ့ရင် “ငါကွန်ပျူတာနားမှာ မရှိလို့ပါဟ...” လို့ ပြောလိုက်ရုံပဲ။
သုံးချင်ရင် ဒီနေရာမှာ download လုပ်ယူနော်။
install လုပ်ပြီးတဲ့အခါ Task bar ပေါ်က Gtalk icon လေးကို right-click လုပ်ကြည့်ရင် ဒီပုံမှာပြထားသလို 'Normal Idle', 'Always Idle' နဲ့ 'Never Idle' ဆိုပြီး status အသစ် ၃-မျိုးမြင်ရမှာဖြစ်ပါတယ်။

'Normal Idle' က ပုံမှန်ပါပဲ။ ကွန်ပျူတာ active မဖြစ်တာကြာရင် idle ဖြစ်သွားမှာပါ။
'Never Idle' ကတော့ ကွန်ပျူတာ active မဖြစ်တာဘယ်လောက်ကြာကြာ ဘယ်တော့မှ idle မဖြစ်တော့ပါဘူး။
(ဒီ status ကို သိပ်သုံးဖြစ်ကြမယ် မထင်ဘူး။ ...:P )
'Always Idle' ကတော့ chat နေပါရက်သားနဲ့ မ chat ပါဘူးလို့ ပြောချင်သူများ အကြိုက်ပေါ့...
gAlwaysIdleSetup က Gtalk မှာပဲသုံးလို့ရတာနော်...Gmail မှာမရဘူး...
Gmail ကနေ chat သုံးသူတွေအတွက်တော့ နောက်ထပ် status တစ်ခု 'Invisible' တဲ့။
Invisible သဘောက ကိုယ့်ကို သူများတွေက online မှာ မမြင်ရဘဲ ကိုယ်က အားလုံးကို မြင်နေရတာမျိုးပေါ့။
(နဲနဲတော့ မကောင်းသလိုပဲ။)
Invisible က Gtalk မှာတော့ မပါသေးဘူး။ နောက်ပြီး Gtalk ကိုတပြိုင်နက်ဝင်ထားရင်လည်း Gmail မှာ သုံးလို့မရဘူး။

ကိုယ်ကတော့ ကိုယ့်ကို offline (တကယ်က Invisible လုပ်ထားလို့) ကြီးနဲ့ လာ chat ရင် လုံးဝမကြိုက်ဘူး။
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ နှစ်သက်ရာ status လေးတွေနဲ့ အဆင်ပြေကြပါစေလို့...


ဆက်ဖတ်ရန်...

Gtalk ကနေဘာသာပြန်ကြရအောင်...

Posted by ဖက်တီးလေး at 9:23 PM

Monday, October 13, 2008

အခုဆိုရင် Gtalk မှာ ကိုယ်ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ် ပါရှိလာပါပြီ။
Gtalk ရဲ့ဘာသာပြန်စနစ်ကိုသုံးနိုင်ဖို့ Translation Bots လေးတွေကိုသိရမှာဖြစ်ပြီး အဲဒီ Bots လေးတွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ရမှာဖြစ်ပါတယ်။
(Translation Bot ဆိုတာ ဘာသာပြန်တဲ့အလုပ်ကို အလိုအလျောက်လုပ်ဆောင်ပေးတဲ့ Computer Program တစ်ခုပဲ ဖြစ်ပါတယ်။)

Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။
ဒါကြောင့် ဥပမာ...ကိုယ်က အင်္ဂလိပ်ကနေ ဂျပန်ကို ပြောင်းချင်တယ်ဆိုရင် ပထမဆုံး en2ja@bot.talk.google.com ကို invite လုပ်ရမှာဖြစ်ပါတယ်။
invite လုပ်ပြီးတာနဲ့ ကိုယ့်ရဲ့ contact list ထဲမှာ en2ja ဆိုတဲ့ contact person တစ်ယောက်တိုးလာပါလိမ့်မယ်။
အဲဒီ contact person ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီးပြောလိုက်ရုံပါပဲ။
သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။
ဘာသာစကားတိုင်းအတွက် အပြန်အလှန် ဘာသာပြန်ကြည့်နိုင်ပါတယ်။
ဥပမာ...အင်္ဂလိပ်-ဂျပန် အတွက် en2ja ဆို ဂျပန်-အင်္ဂလိပ်အတွက် ja2en ကို invite လုပ်ပေးရုံပါပဲ။
အခုဖော်ပြထားတဲ့ bots လေးတွေကတော့ အခုလက်ရှိအသုံးပြုနိုင်တဲ့ ဘာသာစကားလေးတွေဖြစ်ပါတယ်။
စုစုပေါင်း ဘာသာစကား(၂၆)ခု ကို အပြန်အလှန်ဘာသာပြန်နိုင်မှာဖြစ်ပါတယ်။

Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Traditional Chinese -English zh-hant2en en2zh-hant
Traditional Chinese -Chinese zh-hant2zh
zh2zh-hant

ကိုယ်အတွက်တော့ တော်တော်လေးအသုံးဝင်တယ်။
အခုဆို ဂျပန်စကားမတတ်လဲ သိပ်ကိစ္စမရှိတော့ဘူး... en2ja နဲ့ ja2en ဆိုတဲ့ always online & available chat friend လေး တွေရဲ့အကူအညီနဲ့ အဆင်ပြေနေတယ်လေ...

ဆက်ဖတ်ရန်...

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်...

Posted by ဖက်တီးလေး at 8:17 PM

Sunday, October 12, 2008

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ။
အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ။


ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic
CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1) Google Talk ကိုဖွင့်ပါ။
2) ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3) အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။

gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
phonenumber@talkster.gtalk2voip.com
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or
for USA , use
12125551212@talkster.gtalk2voip.com

4) Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

5) တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။


Make calls from your Google Talk

1) Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2) Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3) Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4) တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5) သူပြန်ခေါ်တာကို စောင့်စားနေပါ။

(တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6) သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ရပြီဖြစ်ပါတယ်။
7) ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8) တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။
သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါတယ်။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါတယ်။

ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။

ဆက်ဖတ်ရန်...

Window Vista ရဲ့ display language ကိုပြောင်းချင်ရင်...

Posted by ဖက်တီးလေး at 6:20 PM

အခုပြောပြမှာကတော့ Operating System (OS) ရဲ့ display language က ကိုယ်သုံးနေကျမဟုတ်တဲ့ language မျိုးဖြစ်နေတဲ့ Vista OS Laptop ပိုင်ဆိုင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။
အဲလို အခက်အခဲမျိုးကို ဂျပန်၊ တရုတ်၊ ရုရှ၊ ဂျာမနီ စတဲ့ (အင်္ဂလိပ်ဘာသာစကားထက်) မိခင်ဘာသာစကားကိုသာ စွဲစွဲမြဲမြဲသုံးတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထုတ်လုပ်တဲ့ Laptop ကို ၀ယ်ယူသုံးစွဲမိတဲ့သူတွေမှာ အများအားဖြင့် ကြုံတွေ့ရတတ်ပါတယ်။

တစ်ခြားနိုင်ငံတွေမှာတော့ မသိဘူး။
ဂျပန်မှာကတော့ English OS Laptop လိုချင်ရင် သိပ်မလွယ်ဘူး။
တကူးတက Orderမှာရတာဖြစ်တဲ့အပြင် ပိုက်ဆံလည်း (၁)သိန်းကျော်လောက်ပိုပေးရတယ်။
ဒါတောင် ကိုယ်လိုချင်တဲ့ Laptopက English OS နဲ့ Orderမှာလို့ရအုံးမှ။
တချို့ Laptopတွေက English OS ကို supportမလုပ်ဘူးတဲ့။
အဲဒီလို အခက်အခဲပေါင်းစုံကြောင့် တစ်ချို့တွေလဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး Japanese OS ကိုဝယ်လိုက်တာ နောက်ပိုင်းမှာ အနည်းနဲ့အများတော့ စိတ်ဒုက္ခရောက်ကြတာပါပဲ။
ကွန်ပျူတာကို ဘယ်လောက်ပဲကျွမ်းကျင်တဲ့ လူတွေဖြစ်ပါစေ...ဂျပန်စကားမတတ်ရင် System Messageတွေကို နားမလည်တော့ error မှန်းမသိ၊ ဘာမှန်းမသိနဲ့ တော်တော်ဆိုးတာပဲ။
တစ်ယောက်ဆို နားလည်းမလည်တော့ သူထင်ရာလျှောက်လုပ်တာနဲ့ သူ့စက်ကို Format ချရတာ အကြိမ်မနည်းတော့ဘူး။
OS ကိုပြောင်းပစ်လိုက်ဖို့ကလည်း Warranty ပျက်မှာစိုးတာရယ်၊ ကိုယ့်ရဲ့Legal OS လေးပျောက်သွားမှာစိုးတာရယ်ကြောင့် ဒီလိုပဲ သည်းခံပြီးဆက်သုံးနေကြရတာပဲ။
ကိုယ့်ရှေ့က စီနီယာတွေကိုကြည့်ပြီး ကိုယ်လည်း Japanese OS သုံးဖို့တော်တော်လန့်နေတာ...
သူငယ်ချင်းတစ်ယောက်က ကိုယ် Laptopလိုချင်နေတာကြာလှပြီ...English OS Laptop လိုက်ရှာနေတာနဲ့ပဲ တော်တော်နဲ့
မ၀ယ်ဖြစ်တာကိုသိလို့ “Japanese OS ၀ယ်သာဝယ်လိုက် ပြီးရင် Vistalizator နဲ့ပြောင်းလိုက်” ဆိုပြီး စေတနာနဲ့လှမ်းပြောတယ်။
(ဒါပေမယ့် ကိုယ်ကတော့ ခေါင်းမာမာနဲ့ English OS ပဲရအောင်ရှာပြီး လှမ်းမှာဝယ်လိုက်တာ...စေတနာနဲ့ မတန်ဘူးပြောနဲ့နော်...)

အဲဒီတော့ Vistalizator ကကိုယ့်အတွက်တော့ မလိုအပ်တော့ဘူးပေါ့...
ဒါပေမဲ့...အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ Parlestine ကသူငယ်ချင်းတစ်ယောက်က Japanese OS နဲ့ သူဒုက္ခရောက်နေတဲ့ အကြောင်းကို ပြောလာတယ်။
ကိုယ်ကလည်း Vistalizator ကိုစမ်းကြည့်ချင်နေတဲ့အချိန်ဆိုတော့ ငါပြောင်းပေးမယ်ဆိုပြီး Volunteer လုပ်လိုက်တယ်။
ဒီ Vistalizator က Language (၃၅)ခုလောက် support လုပ်နိုင်တာဆိုတော့ တကယ်တော့ သူတို့ဘာသာစကား Arabic ပြောင်းရင်လဲရတယ်။
ဒါပေမယ့် ကိုယ်ကတော့ သူ့ကို English ပြောင်းပေးမယ်၊ ၈၀-၁၀၀% ထိတော့ ပြောင်းနိုင်လိမ့်မယ်လို့ ကြိုပြောထားလိုက်တယ်။
သူကလည်းသဘောတူတာနဲ့ သူ့ Laptopကိုယူလာပြီး ပြောင်းကြည့်လိုက်တယ်။
(Arabic ကိုပြောင်းမပေးတာက တော်ကြာပြောင်းနေရင်း တစ်ခုခုဆို Arabic မတတ်၊ Japaneseမတတ်နဲ့ ကိုယ်ဒုက္ခရောက်မှာ ကြိုမြင်လို့...)
Step တိုင်းမှာ ကိုယ့်မှာ ရင်တထိတ်ထိတ်နဲ့ ...အခန့်မသင့်ရင် သူများကွန်ပျူတာလျော်ရကိန်းလေ...
System Restart လုပ်တဲ့အချိန်မှာ မျက်တောင်မခတ်ပဲ ဘုရားတပြီး ကွန်ပျူတာကို စိုက်ကြည့်နေတာ...
နောက်ဆုံး Window တက်လာပြီး English လိုမြင်ရတော့မှ သက်ပြင်းချနိုင်တော့တယ်...
သူများကွန်ပျူတာဆိုတော့ သိပ်ကလိမနေနိုင်ဘူး...ပြောင်းပြီးတာနဲ့ မြန်မြန်ပဲပြန်ပေးလိုက်ရတယ်...
နောက်ပိုင်း သူနဲ့တွေ့လို့မေးကြည့်တိုင်းတော့ သုံးရတာအဆင်ပြေပါတယ်လို့ ပြောတာပဲ။
သူကြော်ငြာကောင်းလို့ အတန်းထဲက နောက်ထပ်သူငယ်ချင်း ၃-၄ယောက်လောက် ပြောင်းပေးလိုက်ရသေးတယ်။
ဟဲဟဲ...ဒီလောက်ထိလေရှည်ပြီးပြီဆိုတော့...ပြောင်းပုံပြောင်းနည်းပြောတော့မယ်နော်...

Vistalizator ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးက Language ၃၅-ခုထိအောင် suport လုပ်တာဆိုတော့ ပြောင်းလို့ရတဲ့ Language တွေကအများကြီးပါပဲ...
ဒါပေမယ့် ဒီနေရာမှာ ကိုယ်က မြန်မာသူငယ်ချင်းတွေကို ရည်ရွယ်တာဆိုတော့ (Myanmar OSလည်းမရှိတော့) English OS ပြောင်းတာကိုပဲ အဓိကဖော်ပြထားပါတယ်။

တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ Laptop က Vista Home Basic, Home Premium or Businessတစ်ခုခုဖြစ်ဖို့လိုပါတယ်။
Vista Ultimate ကတော့ Multi-language ကို Officially Support လုပ်ပြီးသားမို့ Vistalizator သုံးစရာမလိုပါဘူး။
XP နဲ့ တခြား Version တွေဆိုရင် ပြောင်းလို့မရပါဘူး။

ပထမဆုံး Vistalizator_1.40 ကို ဒီနေရာမှာ download လုပ်ယူပါ။

Vistalizator က 32-bit ရော 64-bit ကိုပါ support လုပ်တဲ့အပြင် Service Pack 1 ရှိတဲ့စက်ရော၊ မရှိတဲ့စက်ရော သုံးနိုင်တာကြောင့် ဒီနေရာမှာ Language Pack ၄-ခုတင်ထားပေးပါမယ်။
ကိုယ့် System နဲ့ ကိုက်ညီတဲ့ Language Pack ကိုရွေးချယ်ပြီး download လုပ်ပါ။

ကိုယ့် System က 32-bit လား 64-bitလား၊ Service Pack 1 install လုပ်ထားလား မလုပ်ထားဘူးလားသိချင်ရင်...
Start ->Control Panel -> System မှာ ရှာကြည့်နိုင်ပါတယ်။

ကိုယ့် System ကိုသိပြီဆိုရင် System နဲ့ ကိုက်ညီတဲ့ Language Pack ကိုရွေးချယ်ပြီး download လုပ်ပါ။

download လုပ်ပြီးရင် ပုံမှာပြထားတဲ့ အဆင့်လေးတွေအတိုင်း လိုက်လုပ်သွားပါ။

ပထမဆုံး Vistalizator_1.40 ကို double-click နှိပ်ပြီး run ပါ။ ပုံမှာမြင်ရတဲ့အတိုင်း "Add language" ကို နှိပ်ပါ။
အဲဒီနောက် ခုနက ကိုယ် download လုပ်ထားတဲ့ language pack ရှိတဲ့ path အတိုင်း File ကို ရွေးပြီး Open လုပ်ပါ။
Processလုပ်တာကို ခဏစောင့်ပြီးရင် Language Pack ဆိုတဲ့နေရာမှာ ကိုယ်အသစ်ရွေးထားတဲ့ language (eg. English) ကိုမြင်ရမှာဖြစ်ပါတယ်။ (အခုပုံမှာမြင်ရတာက English ကနေFrenchကိုပြောင်းတဲ့အခြေအနေပါ။)

ပြီးရင် "Install" ကိုနှိပ်ပါ။

ပုံမှာပြထားသလို အဆင့်လိုက်အလုပ်လုပ်သွားတာကို မြင်ရမှာပါ။ ဒါက File Extract လုပ်နေတဲ့အဆင့်ပါ။

display language ပြောင်းတော့မယ့် အကြောင်းကို သေချာအောင်မေးတဲ့ confirm message ပေါ်လာရင် "Yes"ကို နှိပ်ပါ။

နောက် Restart လုပ်ဖို့ Message ပေးတဲ့အခါမှာလည်း “OK” ပဲ နှိပ်ပါ။

ဒါကတော့ ခုနကထည့်လိုက်တဲ့ Language ထည့်ပြီးပြီဆိုကို ပြတာပါ။ နောက်ထပ် တခြား languageတွေထပ်ထည့်ချင်ရင် ဒီနေရာမှာ ထပ်ထည့်ရမှာပါ။

အခုတော့ လုံလောက်ပြီမို့ "Exit" နှိပ်ပြီး ထွက်လိုက်ပါ။

System Restart လုပ်မယ့် Message ပေးတဲ့အခါမှာလည်း “OK” ပဲ နှိပ်လိုက်ပါ။ Restart ဖြစ်သွားပါလိမ့်မယ်။

System ပြန်တက်လာချိန်မှာတော့ ကိုယ်ပြောင်းလိုက်တဲ့ display language အတိုင်းမြင်ရမှာဖြစ်ပါတယ်။

language ပြောင်းပြီးနောက် Window Update အလုပ်မလုပ်တာမျိုးကြုံခဲ့ရင်...

၁) မူလ Original Language ကိုပြန်ပြောင်းပါ။

၂) Window Update ကို run ပါ။ (လိုအပ်ရင် system restart လုပ်ပေးပါ။)

၃) ကိုယ်လိုချင်တဲ့ display language ကို ပြန်ပြောင်းပါ။

စုစုပေါင်း အချိန် ၅-မိနစ်လောက်ပဲကြာပြီး အရမ်းကို အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်လေးပါ။

အားလုံးပဲ နှစ်သက်ရာ display language လေးတွေသုံးနိုင်ပါစေလို့...

ဆက်ဖတ်ရန်...

အကင်စုံ စားကြမယ်...

Posted by ဖက်တီးလေး at 1:16 PM

ဟိုတစ်ရက်က common room ထဲမှာ Unit ထဲကသူငယ်ချင်းတစ်ချို့စုံမိကြတော့ ဟိုပြောဒီပြောနဲ့ အစားအသောက်အကြောင်း ရောက်သွားပါလေရော။
ဟိုဟာစားချင်တယ်၊ ဒီဟာစားချင်တယ်ပြောကြရင်းက နောက်ဆုံးမှာ အသားကင်စားကြဖို့ သဘောတူညီမှုရသွားတယ်။

ဆိုင်မှာသွားစားရင် တစ်ယောက်ကို ယန်း (၂၀၀၀-၃၀၀၀) လောက်ကုန်မယ့်အပြင် အချိန်လည်းကုန်တာမို့ Unitထဲမှာပဲ ကိုယ့်ဟာကိုယ် လုပ်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
နောက်ပြီး အဆောင်က Unit တစ်ခုစီအတွက် အသားကင်တဲ့ လျှပ်စစ်မီးဖိုတစ်လုံးစီ ပေးထားတာကြောင့် အဲဒီမီးဖိုကို သုံးကြည့်ချင်ကြတာကလည်း အကြောင်းတစ်ခုပေါ့။
ဒါနဲ့ပဲ...မနေ့က စနေနေ့ညပိုင်းမှာ ဂျပန်သူငယ်ချင်း(၂)ယောက်၊ တရုတ်(၁)ယောက်နဲ့ ကိုယ်ရယ် စုစုပေါင်း (၄)ယောက် အကင်စုံ လုပ်စားဖြစ်ကြတယ်။
ကိုယ်ကတော့ အကင်လည်းသိပ်မလုပ်တတ်တော့ ကြက်ပေါင်ကြော်တာကို တာဝန်ယူလိုက်တယ်။
နောက်ပြီး ဖက်ထုပ်ကိုလည်း Microwave Oven ထဲထည့်ပြီး ပေါင်းပေးလိုက်ပါသေးတယ်။
ပြီးတာနဲ့ သူတို့ပြင်ဆင်ပေးထားတဲ့ထဲက ကိုယ်စားချင်တာလေးတွေကိုယူပြီး ကင်လိုက်၊ စားလိုက်လုပ်နေတာပေါ့...
စစချင်းတော့ (Yaki-Niku) အသားကင်ပါပဲ...
ခဏနေတော့ (Yaki-Yasai) အသီးအရွက်ကင်ဆိုပြီး ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်နဲ့ ကြက်သွန်နီတွေကိုပါ ထည့်ကင်ပါလေရော...
နောက်ဆုံးကျတော့ (Yaki-Soba) ခေါက်ဆွဲကင်လုပ်မယ်ဆိုတော့ (ခေါက်ဆွဲကင်ဆိုတာကို တစ်ခါမှမကြားဖူးတော့) ကိုယ်တော်တော်လေးအံ့သြသွားတယ်...ကိုယ့်ကိုများနောက်နေတာလားလို့...
အဲဒီတော့သူတို့တွေက ခေါက်ဆွဲထုပ်ပေါ်မှာ ရေးထားတဲ့စာကိုပြပြီး ဒီခေါက်ဆွဲက ခေါက်ဆွဲကင်လုပ်တဲ့ ခေါက်ဆွဲဆိုပြီး ကိုယ့်ကိုရှင်းပြကြတယ်။
(ကိုယ်က သူတို့စာတွေလည်း မဖတ်တတ်တော့ တစ်ခါတုန်းက အဲဒီခေါက်ဆွဲထုပ်ကိုဝယ်ပြီး ပြုတ်စားဖူးသေးတယ်...)
အားလုံး တော်တော်လေးစားလို့ကောင်းတယ်။
၎-ယောက်လုံး ဗိုက်ပြည့်အောင်စားပြီးတာတောင်မှ စားစရာတွေကျန်နေသေးတာနဲ့ အဲဒါတွေအားလုံးကိုရောပြီး ခေါက်ဆွဲကြော်လိုမျိုးလုပ်လိုက်ပြီး နောက်နေ့အတွက် သိမ်းထားလိုက်ရသေးတယ်။
အဲဒီလောက်စားတာမှ တစ်ယောက်ကို ယန်း (၅၀၀)လောက်ပဲကျတာဆိုတော့ တော်တော်တန်တယ်လို့ပြောရမယ်။
ဒီဓာတ်ပုံက စစချင်းမှာရိုက်လိုက်တာဆိုတော့ ခေါက်ဆွဲကင်တွေ၊ တခြားစားစရာတွေ မပါလိုက်ဘူး။
နောက်ပိုင်းမှာတော့ အစားအသောက်ဖက်အာရုံစိုက်နေတာနဲ့ ဓာတ်ပုံထပ်ရိုက်ဖို့လည်း သတိမရတော့ဘူး။

နောက်တစ်ခုက ကိုယ်ကအဲဒီလို အမှတ်တရဓာတ်ပုံလေးရိုက်တော့ တရုတ်မလေးက သူလည်းရိုက်မယ်ဆိုပြီး သူ့ကင်မရာ သွားယူလာတယ်။
သူ့ကင်မရာလေးက ချစ်စရာလေး...
စားသောက်ပြီးကြတော့ သူ့ကင်မရာကိုယူကြည့်ပြီး ဟိုစပ်စု၊ ဒီစပ်စုလုပ်နေကြတာ...
ဒါနဲ့ သူက သူ့ကင်မရာက ပြုံးလိုက်ရင် Automatic ဓာတ်ပုံရိုက်နိုင်တယ်လို့ပြောတော့ ကိုယ်လည်းတစ်ခါမှမကြားဖူးတော့ မယုံတာနဲ့ ယူပြီးစမ်းကြည့်တာ...
ဟုတ်တယ်...သူ့ကင်မရာက Smile Detection ပါတာကိုး... (Touch Screen လဲပါတယ်)
ဒါနဲ့ ကိုယ်လည်း အင်တာနက်မှာ ရှာကြည့်တော့ Smile Detection ပါတဲ့ ကင်မရာတွေ အများကြီးပဲ။
သူများတွေတော့ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ...
ကိုယ့်အတွက်တော့ တိုးတက်နေတဲ့ နည်းပညာတွေကို အံ့သြပြီးရင်း အံ့သြရင်းပဲ...
အဲဒီကင်မရာလေးက sony DSC-T77 တဲ့...Camera Case ရောပါပြီးသား ယန်း (၃၀၀၀၀) ၀န်းကျင်လောက်ရှိတယ်။

ဆက်ဖတ်ရန်...

Funny Picture လေးတွေ ဖန်တီးရအောင်...

Posted by ဖက်တီးလေး at 1:59 AM

အခုပြောပြမယ့် အကြောင်းအရာလေးက download လုပ်လို့ရတဲ့ ဆော့ဖ်ဝဲလ်တော့ မဟုတ်ဘူး။
ကိုယ့်ရဲ့ ရုပ်ပုံလေးတွေကို Funny Pictureလေးတွေဖြစ်အောင်လုပ်လို့ရတဲ့ Web Page လေးတွေပါ။

သူတို့ရဲ့နည်းပညာကတော့ တကယ်ချီးကျူးဖို့ကောင်းတယ်။
ကိုယ်တော့ တော်တော်လေးကို သဘောကျတယ်။
ကိုယ်ဆိုရင် ကိုယ့်ရဲ့ဓာတ်ပုံလေးတွေမှာ effectတွေတစ်မျိုးပြီးတစ်မျိုးထည့်လိုက်၊ သူငယ်ချင်းတွေဆီလှမ်းပို့ပြီး စလိုက်နဲ့ တစ်နေကိုကုန်ရောပဲ။
ဥပမာ...သူငယ်ချင်းတွေဆီ ဒီပုံလေးပို့ပြီးအံသြစရာပဲ...သိလား...သူ့ကိုငါမသိဘူးဟ...နောက်ပြီး ငါ့ဓာတ်ပုံကို ဘယ်ကရသွားတာလဲမသိဘူး၊ ထူးဆန်းလိုက်တာ...” ဘာညာနဲ့ပေါ့။
တစ်ချို့ဆို တကယ်ယုံနေပြီး ကိုယ့်ကို အထင်တွေဘာတွေကြီးလို့ပေါ့...ဟဲဟဲ...
လုပ်လို့ရတဲ့ effect တွေကတော့ အများကြီးပါပဲ...
မဂ္ဂဇင်းမျက်နှာဖုံးမှာပါချင်လား...TV မှာပဲပါချင်လား...US$ ကိုပဲကိုယ့်ရုပ်ပုံနဲ့ ထုတ်ချင်လား...အများကြီးလုပ်လို့ရတယ်။
ကဲ...အပျင်းပြေစမ်းကြည့်ချင်တယ်ဆိုရင်တော့ loonapix နဲ့ photofunia မှာစိတ်ကြိုက် စမ်းကြည့်နိုင်ပါတယ်။
Account လည်းဆောက်စရာမလိုပဲ မိမိဓာတ်ပုံကို Upload လုပ်၊ ကြိုက်တဲ့ effect ရွေးလိုက်တာနဲ့ Funny Pictureလေးတွေ ရလာမှာပါ။
နောက်ပြီး အဲဒီ ရလာတဲ့ပုံလေးတွေကို Save လုပ်လို့လည်းရတာကြောင့် ကိုယ်တော့အရမ်းသဘောကျတယ်။


Funny Pictureလေးတွေဖန်တီးရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့...

ဆက်ဖတ်ရန်...

ဆိတ်သား ပဲပုပ်ချက်

Posted by ဖက်တီးလေး at 7:03 PM

Saturday, October 11, 2008

ခေါင်းစဉ်ဖတ်ပြီး ဘာဟင်းပါလိမ့်လို့ စဉ်းစားနေလား။ ဘာမှမဟုတ်ဘူးဆိုတာ ပြီးရင်သိပါလိမ့်မယ်။
တကယ်တော့ ဒီဓာတ်ပုံလေးကို ရိုက်ထားတာကြာပါပြီ။
အိမ်ကို ဖုန်းဆက်တိုင်းမှာ မေမေက “ဒီနေ့ဘာဟင်းချက်စားလဲ...စားရတာရောအဆင်ပြေရဲ့လား” ဆိုပြီး အမြဲမေးတတ်တယ်။
ကိုယ့်ကိုမွေးထားတဲ့အမေဆိုတော့ ကိုယ်ဘယ်လောက်ဟင်းချက်ပျင်းတယ်ဆိုတာ အသိဆုံးနေမှာပေါ့။

အဲဒါနဲ့ ကိုယ်လဲ ကိုယ်စားတဲ့ဟင်းတွေရယ်၊ ချက်ပုံချက်နည်းတွေရယ် ပြောပြလိုက်တော့ မေမေလဲ တော်တော်စိတ်ညစ်သွားပုံ ရပါတယ်။
စားလို့တော့ တော်တော်ကောင်းမှာပဲ” လို့ကောင်းချီးပေးတယ်။
ဒါနဲ့ သိပ်မဆိုးကြောင်းကို သက်သေပြတဲ့အနေနဲ့ ကိုယ့်မှာ ကိုယ်ချက်ထားတဲ့ဟင်းလေးတွေကို ဓာတ်ပုံရိုက်ပြီး အိမ်ကိုပို့ပေးရတယ်။
အခုပြောပြမယ့် ဟင်းလေးက အဲဒီဓာတ်ပုံလေးတွေထဲက တစ်ခုပေါ့။
နောက်ပြီး မေမေက လူကြုံရှိတိုင်း ကိုယ့်ကို အစားအသောက်လေးတွေပို့ပေးတတ်တော့ ကိုယ့်မှာ မြန်မာအစားအစာ ပြတ်တယ်လို့သိပ်မရှိလှဘူး။
အခုလဲ မေမေပို့ထားတဲ့ ဆိတ်သားခြောက်ကို မေမေကြော်ပေးလိုက်တဲ့ ပဲပုပ်ကြော်နဲ့ ရောချက်မှာပါပဲ...ဟဲဟဲ။

အိုးတစ်လုံးထဲကို ဆီနည်းနည်းရယ်၊ (၀ါးလို့လွယ်အောင်) သေးသေးလေးတွေတုံးထားတဲ့ ဆိတ်သားခြောက်တွေရယ်၊ ဗူးထဲက ready made ခရမ်းချဉ်သီးအနှစ်ရယ်ကို အားလုံးရောပြီးထည့်လိုက်တယ်။ နောက်ပြီး ပဲပုပ်ကြော်နည်းနည်းထည့်လိုက်တယ်။
(တကယ်တော့ ကြက်သွန်နီ/ဖြူ ဆီသတ်ရမှာပျင်းလို့ပဲပုပ်ကြော်ထည့်တာ။
အဲဒီထဲမှာ ကြက်သွန်နီ/ဖြူ၊ ငရုပ်သီး အကုန်ပါပြီးသားဆိုတော့ အဆင်ပြေတယ်လေ။
ဒီတော့ ပဲပုပ်ကြော်မရှိလဲ ရှိတာသာထည့်လိုက်။)
ပြီးတာနဲ့ ရေနည်းနည်းထည့်တည်ထားလိုက်၊ ဆီပြန်ခါနီးရင် ငရုပ်သီးစိမ်းပွနည်းနည်းထည့်လိုက်ရင်အောက်ကပုံထဲကလို ဟင်းတစ်ခွက်တော့ရမှာပဲ။

နောက်ပြီး ရယ်စရာတစ်ခု ပြောပြရဦးမယ်။
အဲဒီနေ့က ဟင်းလည်းကျက်ရော ကိုယ်လည်း အဲဒီနေ့စားဖို့အတွက် တစ်ရက်စာကို ပန်းကန်ထဲမှာထည့်ထားပြီး ကျန်တာတွေကို ရေခဲသေတ္တာထဲထည့်သိမ်းလိုက်တယ်။
ကိုယ်က ဟင်းတစ်ခါချက်ရင် ၂-၃ ရက်စာချက်တာ။ ခဏခဏချက်ရမှာပျင်းလို့။
အဲဒီအချိန်မှာပဲ ကိုယ်နဲ့ Unit တစ်ခုတည်းအတူနေတဲ့ ဂျပန်မလေးက မနက်စာစားနေတော့ ကိုယ်က ကိုယ့်ရဲ့ဟင်းပန်းကန်လေးကို နည်းနည်းမြည်းကြည့်ပါဆိုပြီး သူ့ကိုပေးလိုက်တယ်။
ဘာကိုနားလည်မှုလွဲသွားတာလဲတော့မသိဘူး။
သူက အဲဒီပန်းကန်ကိုယူပြီး "Oishi .. Oishi..(အရသာရှိလိုက်တာ..)" ဆိုပြီး တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားလိုက်တာ တစ်ပန်းကန်လုံး ပြောင်မှပဲ ပန်းကန်ကိုချတော့တယ်။
ကိုယ်လည်းသူ့ကိုကြောင်ပြီးရပ်ကြည့်နေမိတာ...သူကစားလို့ပြီးသွားတော့ “ကျေးဇူးတင်ပါတယ်”လို့ ပြောတော့မှပဲ
ငါတို့က အဲဒါကို ဒီတိုင်းမစားဘူး၊ ထမင်းနဲ့စားတာ” လို့တစ်ခွန်းပဲပြန်ပြောဖြစ်တော့တယ်။
နောက်မှ ခုနကခွဲချန်ထားတဲ့ နောက်နေ့စာထဲက ယူစားလိုက်ရတယ်။
တော်သေးတာပေါ့...ခွဲချန်ထားမိလို့။ မဟုတ်ရင် အကုန် ကုန်မလားပဲ။

ဆက်ဖတ်ရန်...

သီးမစုံ ဘဲဥချဉ်ရည်ဟင်း...

Posted by ဖက်တီးလေး at 4:50 PM

ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ ဟင်းကိုအရည်လေးဘာလေးနဲ့စားချင်စိတ်ပေါက်လာတာရယ်၊ ကိုယ့်မှာလက်ကျန်ရှိနေတဲ့ အသီးအနှံတွေကို ရှင်းပစ်ချင်တာရယ်ကြောင့် ဘာချက်ရမလဲစဉ်းစားရင်း နောက်ဆုံးမှာ ဒီဟင်းလေးချက်ဖြစ်သွားတယ်။
ဟင်းချက်တော်လွန်းလို့ သူများကို ဆရာလုပ်နေတာမဟုတ်ဘူးနော်။

(ကျောင်းစာကတစ်ဖက်၊ ဘလော့ဂ်ကတစ်ဖက်နဲ့) အချိန်မရှိတဲ့ကြားက ကိုယ့်ဝမ်းစာကိုယ် ဖြေရှင်းနေရတဲ့ ဘ၀တူ သူငယ်ချင်းတွေကို ဖြစ်သလို ပြီးလွယ်စီးလွယ်နဲ့ ချက်လို့ရတဲ့ဟင်းလေးတွေ ဝေမျှပေးချင်လို့ပါ။
ကိုယ်ချက်တဲ့ဟင်း ကိုယ်ဟာကိုယ်သည်းခံပြီးစားနိုင်ရင် စမ်းချက်ကြည့်လို့ရတယ်နော်။

ဒီဟင်းကတော့ (အဆင်ပြေတဲ့)အသီးအနှံ ၃-၄ မျိုးလောက်ရှိရုံနဲ့ လွယ်လွယ်ကူကူချက်လို့ရတယ်။
ကိုယ်ကတော့ အာလူးသီးရယ်၊ ခါကျက်ဥရယ်၊ မုန်လာဥရယ် ရှိတာတွေထည့်လိုက်တယ်။
အဲဒီအသီးအနှံတွေ လှီးချွတ်နေတုန်းမှာ ဘဲဥ ပြုတ်ထားလိုက်တယ်။
အသီးအနှံတွေ အားလုံးလှီးပြီးပြီဆိုရင် (ဘဲဥကလည်းကျက်လောက်ပြီမို့) အဲဒီအသီးအနှံတွေအားလုံးရယ်၊ ပြုတ်ထားတဲ့ဘဲဥရယ်၊ ကုလားပဲနည်းနည်းရယ်ကို အိုးတစ်လုံးထဲအကုန်ရောထည့်၊ ဆား၊ဟင်းချိုမှုန့်သင့်တော်သလောက်ထည့်၊ နောက်ပြီး ရေနည်းနည်း ထည့်တည်ပြီး ပစ်ထားလိုက်ရုံပဲ။
အဲဒီအချိန်မှာ လုပ်ချင်ရာလုပ်နေလို့ရတယ်။
(ဒါပေမယ့် အကြာကြီးလည်း ပစ်မထားနဲ့ဦး။ တူးကုန်လို့ အားလုံးပစ်လိုက်ရဦးမယ်။
သူငယ်ချင်းတစ်ယောက်ဆို ဘဲဥပြုတ်တာ စားမရအောင်ကို တူးသွားဖူးတယ်။ ဒါကြောင့် သတိပေးရတာ...)
ဟင်းအိုးချခါနီးမှ မန်ကျည်းမှည့်ရည်နည်းနည်းရယ်၊ မဆလာရယ်၊ ငရုတ်သီးစိမ်းပွတောင့်ရယ် (ရှိရင်)ထည့်လိုက်ရင် စားလို့သိပ်မဆိုးလှတဲ့ ဟင်းတစ်ခွက်ဖြစ်လာမှာပါ။

ဆက်ဖတ်ရန်...

ဝါလကင်းလွတ် သီတင်းကျွတ်

Posted by ဖက်တီးလေး at 11:53 AM

အခုတလော “အဘိဓမ္မာအခါတော်နေ့လက်ဆောင်”ဆိုပြီး ဗုဒ္ဓမြတ်စွာရဲ့ပုံတော်လေးတွေကို forward mail တွေကနေ မကြာခဏရနေမိတယ်။
အဲဒီပုံလေးတွေထဲက ရွှေတိဂုံစေတီတော်ကြီးရဲ့ ညရှုခင်းလေးတွေမြင်တော့ ဟိုအရင်အချိန်လေးတွေကို ပြန်သတိရမိတယ်။

ကိုယ်တို့သူငယ်ချင်းတစ်စုက ရွှေတိဂုံဘုရားကို နေ့လည်ဘက်သွားရတာထက် မနက်အစောကြီး၊ ဒါမှမဟုတ် ညပိုင်းမှာ သွားရတာကို ပိုသဘောကျကြတယ်။
ညပိုင်း...ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ အေးအေးဆေးဆေးထိုင်ပြီး ဘုရားဖူးနေရတဲ့အချိန်ဟာ စိတ်ထဲမှာအရမ်းကို ကြည်နူးစရာကောင်းတယ်။
ဒါ့ကြောင့် ဘုရားကိုရောက်တိုင်း ကိုယ်မကြာခဏတောင်းမိတဲ့ဆုတစ်ခုက “အရှင်ဘုရား...ဘုရားတပည့်တော်သည် ယခုလို စိတ်အေးချမ်းသာစွာဖြင့် အရှင်ဘုရားအား နောက်တစ်ကြိမ် လာရောက်ဖူးမြော်ခွင့် ရရပါလို၏...”လို့...
သူငယ်ချင်းအားလုံးပဲ မိုးလေကင်းလွတ် သီတင်းကျွတ်မှာ ပျော်ရွှင်နိုင်ပါစေ...




ဆက်ဖတ်ရန်...

Computer ပိုမြန်စေဖို့...

Posted by ဖက်တီးလေး at 7:32 PM

Friday, October 10, 2008

တစ်ခါတစ်လေ ကွန်ပျူတာရဲ့ processing speed ကအရမ်းကျလာတဲ့ အချိန်မျိုးမှာဆိုရင် Task တစ်ခုပြီးဖို့ ပျင်းနေအောင် စောင့်ရတာမျိုး ကြုံဖူးကြမှာပါ။
File Size(1.26MB)ပဲရှိတဲ့ CCleaner ဆော့ဖ်ဝဲလ်လေးက unused files တွေနဲ့ temporary filesတွေကို ဖျက်ပေးနိုင်တာကြောင့် hard disk space ပိုရလာနိုင်သလို ကွန်ပျူတာအလုပ်လုပ်တာလဲ ပိုမြန်လာစေပါတယ်။
run တဲ့အချိန်လဲ သိပ်မကြာတာမို့ စမ်းသုံးကြည့်ချင်ရင် ဒီမှာ download လုပ်ပြီး သုံးကြည့်ပါ။
နောက်တစ်ခုက တခြားဆော့ဖ်ဝဲလ်တွေကို uninstall လုပ်ချင်ရင် Control Panel ကိုသွားစရာမလိုပဲ CCleanerကနေတဆင့် လည်း uninstall လုပ်လို့ရပါတယ်။

ဆက်ဖတ်ရန်...

Duplicate Files တွေကိုဖျက်ချင်ရင်...

Posted by ဖက်တီးလေး at 6:19 PM

အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ကွန်ပျူတာ hard disk ထဲမှာ ဖိုင်ပေါင်းစုံနဲ့ ရှုပ်ယှက်ခပ်နေနိုင်ပါတယ်။
တစ်ခါတစ်လေ ဖိုင်တစ်ခုတည်းကိုပဲ နေရာအများကြီးမှာ သိမ်းမိပြီး မလိုအပ်ပဲ storage capacity waste ဖြစ်လာနိုင်ပါတယ်။
အဲဒီလိုဖိုင်တွေကို ကိုယ်တိုင်သာလိုက်ရှာရရင် တစ်နေကုန်တာတောင် ပြီးမယ်မထင်ဘူး။


ဒါပေမယ့် doublekiller ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးက အဲဒီလို duplicate file တွေကို အလွယ်တကူရှာပြီး ဖျက်ပေးနိုင်ပါတယ်။
ကိုယ်စစ်ချင်တဲ့ folder တွေကို select လုပ်ပြီး run လိုက်တာနဲ့ duplicate file တွေကို list လုပ်ပေးပါလိမ့်မယ်။

ဒီတော့မှ ကိုယ်ဖျက်ချင်တဲ့ file တွေကို ဖျက်လိုက်ရုံပါပဲ။
ဒီနေရာမှာ download လုပ်ပြီး သုံးကြည့်ပါ။
Free Space တော်တော်များများ ထွက်လာနိုင်ပါတယ်။

ဆက်ဖတ်ရန်...

အသုံးဝင်သော Anti-Virus လေးများ...

Posted by ဖက်တီးလေး at 2:09 PM

နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆော့ဖ်ဝဲလ် အသစ်အဆန်းတွေ တစ်နေ့တစ်မျိုး ထွက်ပေါ်လာနေတာ တကယ့်ကို
ဝမ်းသာစရာကောင်းတဲ့အချက်တစ်ခုပါပဲ။
ဒါပေမယ့် တစ်ချို့လူတွေက ကိုယ်တတ်တဲ့ပညာကို အများအကျိုးရှိအောင်မသုံးပဲ ဘာလို့များ Virus တွေရေးနေကြတာလဲဆိုတာ စဉ်းစားလို့မရဘူး။

ဒီနေ့ခေတ်မှာ Virusအသစ်အဆန်းတွေ အမျိုးမျိုးထွက်ပေါ်နေတာကိုလည်း Virus Alert တွေကတဆင့်ကြားကြ၊ သိကြမှာပါ။
အများအားဖြင့်တော့ Internet ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေမှာ Virus ထိနိုင်ခြေပိုများပါတယ်။
ကိုယ့်ရဲ့ကွန်ပျူတာကို Virus ထိလိုက်ရင် အနည်းနဲ့အများတော့ စိတ်ရှုပ်စရာကောင်းပါတယ်။
အရေးကြီးတဲ့ data အချက်အလက်တွေပျောက်ကုန်တာမျိုး၊ ဒီထက်ပိုဆိုးရင် hard disk ပျက်သွားတာမျိုးထိဖြစ်နိုင်ပါတယ်။
အဲဒီတော့ ကိုယ်တတ်နိုင်သလောက် Anti-Virus လေးတွေကို Install လုပ်ထားဖို့ အကြံပေးချင်ပါတယ်။

(၁)
File Size(30.9MB)ရှိတဲ့ AVG Anti-Virus က လူသုံးများတဲ့ ဆော့ဖ်ဝဲလ်တစ်ခုပါ။
သူက Spyware တော်တော်များများကို detect လုပ်ပေးနိုင်တယ်။
နောက်ပြီး Internet ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေမှာဆိုရင် Update Manager က အလိုအလျောက် Update လုပ်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် Manual Scan လည်းလုပ်နိုင်သလို၊ Scan Schedule ကိုလည်း လိုအပ်သလိုရေးဆွဲထားနိုင်ပါတယ်။
ဒီနေရာ မှာ download လုပ်ယူလို့ရပါတယ်။
AVG Anti-Virus ကဘာနဲ့တူလဲဆိုရင် ကြိုတင်ကာကွယ်တဲ့တဲ့သဘောမျိုးပေါ့။


(၂)
အဲဒီလို ကြိုတင်ကာကွယ်ထားတဲ့ကြားက ကိုယ့်မှာ Virus ရှိလာခဲ့ရင် နောက်ထပ်လုပ်ရမှာက ကုသခြင်းပဲပေါ့။
အဲဒီလိုကုသရာမှာ အသုံးဝင်တဲ့
Anti-Virus လေးကတော့ NOD-32 ဆိုတဲ့ Anti-Virus လေးပါပဲ။
ကိုယ့်မှာ Virus ရှိ၊မရှိ မသေချာလည်း စစ်ကြည့်လို့ရပါတယ်။
သူ့ရဲ့အားသာချက်တစ်ခုကတော့ Permanent Install လုပ်စရာမလိုပဲ ကိုယ်လိုအပ်တဲ့အချိန်ကျမှ run လို့ရတာဖြစ်ပါတယ်။
သက်ဆိုင်ရာ Trojan တွေ Worm တွေပေါ်မူတည်ပြီး run ရတဲ့ file ချင်းလည်းမတူပါဘူး။
ဒါပေမယ့် run ရတဲ့ step တွေကတော့ အတူတူပါပဲ။
ပထမဆုံး သက်ဆိုင်ရာ NOD-32 Virus Remover ကို double-click နှိပ်ပြီး run လိုက်ပါ။
License agreement မှာ I Agree ကိုနှိပ်ပြီး Do it now ကိုဆက်ပြီး နှိပ်လိုက်ပါ။
"NOD 32 Anti-Virus System is not found!" ဆိုတဲ့ message ပေါ်လာရင် OK နှိပ်လိုက်ပါ။
နောက်ပြီး restart လုပ်ဖို့ message တွေ့ရင်လည်း OK ပဲလုပ်ပြီး Close ကိုနှိပ်ပြီး ပိတ်လိုက်ပါ။
ပြီးရင် ကွန်ပျူတာကို Restart လုပ်လိုက်ပါ။
စက်ပြန်တက်လာတဲ့အချိန်မှာ စောစောကရှိနေတဲ့ Trojan တွေ Worm တွေရှိတော့မှာ မဟုတ်တော့ပါဘူး။
တစ်ခုသတိထားရမှာက USB Drive တစ်ခုခုကို စစ်တာဆိုရင် ကွန်ပျူတာကို Restart လုပ်တဲ့အချိန်မှာ အဲဒီ USB Drive ကိုတပ်ထားရမှာပါ။ ဖြုတ်မပစ်ရပါဘူး။

(က) Toy Worm
ဒီဖိုင်လေးကတော့ ခဏခဏတွေ့ရတတ်တဲ့ Toy.exe ဆိုတဲ့ Wormကို ရှင်းပေးမှာပါ။

(ခ) Flashy Trojan
ဒီဖိုင်လေးကတော့ ခဏခဏတွေ့ရတတ်တဲ့ Flashy ဆိုတဲ့ Trojanကို ရှင်းပေးမှာပါ။

(ဂ) Autorun-script Trojan
ဒီဖိုင်လေးကတော့ ကွန်ပျူတာတွေမှာ အများအားဖြင့် ကြုံရတတ်တဲ့ double-click သုံးပြီး Driveတွေကို ဖွင့်လို့မရတော့တဲ့ ပြသနာကို ရှင်းပေးမှာပါ။
ဒီဖိုင်လေးကိုသုံးခဲ့မယ်ဆိုရင်တော့ စောစောကပြောခဲ့တဲ့ stepတွေထဲက Do it now ကိုနှိပ်ပြီးရင် ကိုယ် cleanလုပ်ချင်တဲ့ USB/ HDDကို ရွေးပေးဖို့လိုပါတယ်။ ကျန်တာတွေကတော့ အတူတူပါပဲ။
အားလုံးပဲ ဗိုင်းရပ်စ်ကင်းစင် ပြုံးပျော်ရွှင်နိုင်ပါစေလို့...

ဆက်ဖတ်ရန်...

Graphic လေးတွေကို ပြင်ချင်ရင်...

Posted by ဖက်တီးလေး at 12:38 PM

တစ်ခါတစ်လေ စဉ်းစားမိတယ်...Adobe Series လိုက်ကို Free ပေးရင်ကောင်းမှာလို့ ။
အခုလဲ ဓာတ်ပုံလေးတွေကို နဲနဲပြင်ချင်တာ PhotoShopကလည်းမရှိတော့ အင်တာနက်မှာ ဟိုရှာဒီရှာ လုပ်လိုက်တာ IrfanView ဆိုတဲ့ ဆော့ဖ်ဝဲလ်လေး သွားတွေ့တယ်။

File Size(1.53MB)ပဲရှိတဲ့ IrfanView က သုံးရတာသိပ်မဆိုးလှဘူး။
Adobe Photoshopမှာရှိတဲ့ Features တော်တော်များများကိုလည်း သုံးလို့ရတယ်။
File Format တော်တော်များများကိုလည်း support လုပ်ပေးတယ်။
နောက်ပြီး ရုပ်ပုံတွေကို ပေါင်းတာတို့၊ အရောင်ပိုတောက်လာအောင်လုပ်တာတို့၊ ၀ါးသွားအောင်လုပ်တာတို့ အပြင် အရောင်တွေကိုလည်း စိတ်ကြိုက်ပြောင်းလို့ရတယ်။
ရုပ်ပုံတွေကို Slideshow ပုံစံပြုလုပ်လို့ရပြီး Playback music အနေနဲ့လည်း MP3 သီချင်းလေးတွေထည့်လို့ရတယ်။
နောက်ထပ်လုပ်လို့ရတာလေးတွေလည်း ရှိသေးတယ်။
သုံးကြည့်ချင်ရင် ဒီမှာ download လုပ်ယူနော်။

ဆက်ဖတ်ရန်...

ဒီပို့စ်လေးကို တင်ဖြစ်တဲ့ရည်ရွယ်ချက်...

Posted by ဖက်တီးလေး at 11:25 AM

အမှန်အတိုင်းပြောရရင် အရင်တုန်းကတော့ Freeware တွေကို ဒီလောက် စိတ်မ၀င်စားခဲ့မိပါဘူး။
Software License ဆိုတာကိုလည်း သိပ်ပြီးအရေးမထားမိခဲ့ဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာက Software အားလုံးကို လွယ်လွယ်ကူကူရနိုင်တယ်လေ။

Software တစ်ခုခု သွင်းချင်ရင် ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ဆီက ခဏငှားပြီးသွင်းလိုက် လွယ်လွယ်လေးပဲ။
အပိုင်လိုချင်ရင်လည်း သူ့ CDကို burnယူထားလိုက်၊ ဒါမှမဟုတ် ဆိုင်မှာသွားဝယ်ရင်လည်း အလွန်ဆုံး ၅၀၀၊ ၁၀၀၀ ကျပ်ပဲလေ။
ကိုယ်တို့ဆီမှာက သီချင်း CDတွေသာCopyright ရှိတာ၊ Software CDတွေနဲ့ပတ်သက်လို့တော့ ဘာ rule ရှိတယ်လို့မှ မကြားမိပါဘူး။
ဒီလည်းရောက်ရော ကိုယ့်မှာ ဒုက္ခလှလှ တွေ့တော့တာပါပဲ။
ဒီနိုင်ငံက Software Licenseကို တော်တော်အဓိက ထားတာပါလား။
Software လိုချင်ရင် သူများဆီက ငှားပြီးသွင်းလို့မရဘူး... ၀ယ်ကိုဝယ်ရမှာတဲ့။
သူများဆီက ယူသုံးရင် “Illegal”တဲ့...အခန့်မသင့်ရင် “ထောင်”တောင်ကျနိုင်တယ်တဲ့...Professor ကပြောတာ။
Illegal ဆိုတဲ့စကားလုံးက ကိုယ့်နားထဲမှာတော့ တော်တော် ကိုးလိုးကန့်လန့်နိုင်တယ်။
ဒါနဲ့...၀ယ်ဆိုလည်းဝယ်တာပေါ့ဆိုပြီး...ဈေးနှုန်းတွေကို ကြည့်လိုက်တော့ မြန်မာငွေနဲ့သိန်းဂဏန်း လောက်ရှိတာဆိုတော့ ကိုယ်လည်းတော်တော်မျက်လုံးပြူးသွားတယ်။
Labမှာကတော့ သိပ်ပြသနာမရှိလှဘူး။ ကိုယ်လိုချင်တဲ့ Softwareတော်တော်များများကို တောင်းလို့ရပါတယ်။
တကယ်လို့ သူတို့မှာ မရှိခဲ့ရင်တောင်မှ ကိုယ့်ရဲ့research နဲ့ပတ်သက်ပြီးလိုအပ်တဲ့ Software ရှိရင် ၀ယ်ပေးမယ်လို့ ပြောပါတယ်။
ဒါပေမယ့် သိတဲ့အတိုင်းပဲလေ...တစ်ချို့Softwareတွေက ကိုယ့်ရဲ့researchနဲ့ ဆိုင်လှတယ်လို့မဟုတ်ဘူး။
ကိုယ့်ဟာကိုယ် တခြားဟာတွေ လျှောက်လုပ်ဖို့ဆိုတော့ သူတို့ဆီတောင်းလို့လဲ အဆင်မပြေနိုင်ဘူးလေ။
ဒီလိုနဲ့ပဲ...အင်တာနက်ကိုအားကိုးပြီး ရှာရင်းဖွေရင်းနဲ့ Freeware လေးတွေကိုစိတ်ဝင်စားလာတော့တာပဲ။
Free Software Developer တွေကိုလည်း တော်တော်ကျေးဇူးတင်မိတယ်။
သူတို့လိုလူမျိုးတွေရှိလို့သာ ကိုယ့်လို Software ၀ယ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေအဖို့ အဆင်ပြေတာမို့လား။
ဒါကြောင့် ကိုယ့်အတွက် အသုံးဝင်တဲ့ Softwareလေးတွေတွေ့ရင် သူငယ်ချင်းတွေကိုလည်း ပြန်ပြီးမျှဝေပေးချင်တာနဲ့ ဒီပို့စ်လေးကို တင်မိတာပါ။
အားလုံးပဲ ငွေကုန်ကြေးကျသက်သာတဲ့ Freeware လေးတွေကိုသုံးရင်း ပျော်ရွှင်နိုင်ပါစေလို့...

ဆက်ဖတ်ရန်...

Word Format ကနေ PDF Format ပြောင်းချင်ရင်...

Posted by ဖက်တီးလေး at 12:21 AM

တစ်ခါတစ်လေ e-mail ကနေတဆင့် file transfer လုပ်ချင်ရင်ပဲဖြစ်ဖြစ် internet ကနေတဆင့် (ဘာသာရပ်ဆိုင်ရာ စာတမ်းမျိုးတွေကို) upload လုပ်ချင်ရင်ပဲဖြစ်ဖြစ် word format နဲ့အဆင်မပြေတာမျိုး ကြုံဖူးကြမှာပါ။
တခြားတစ်ဖက်မှာ ကိုယ်ရေးလိုက်တဲ့ Font မရှိလို့ စာတွေမမြင်ရတာတို့၊ ကိုယ်ပို့လိုက်တဲ့ Format မဟုတ်တော့ပဲ တလွဲစီဖြစ်ကုန်တာတို့ အမျိုးမျိုးပါပဲ။

Adobe Acrobat Professional သုံးတဲ့သူတွေအတွက်ကတော့ လွယ်လွယ်ကူကူပဲ pdf format ကိုပြောင်းနိုင်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ တစ်ခါတစ်လေ တော်တော် ဒုက္ခရောက်ပြီး စိတ်ရှုပ်ရတဲ့ ကိစ္စတစ်ခုပါပဲ။
File Size (1.25MB) ပဲရှိတဲ့ doPDF ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးကို သုံးရင်တော့ အဲဒီလိုစိတ်ရှုပ်စရာမလိုတော့ဘူးလေ။
သုံးကြည့်ချင်ရင်တော့ ဒီမှာ download လုပ်လို့ရပါတယ်။
ဆော့ဖ်ဝဲလ်ကို အရင် install လုပ်ထားလိုက်ပြီး ကိုယ်ပြောင်းချင်တဲ့ အချိန်ကျမှ word file ကိုဖွင့်ပြီး File menu ရဲ့အောက်က Print ကို click လုပ်ပါ။ (Short Cut သုံးချင်သူတွေက Ctrl+P ကိုနှိပ်လဲရပါတယ်။)
နောက်ပြီး Printer name Combo box မှာ doPDF ကိုရွေးပြီး OK ကို နှိပ်ပါ။ အဲဒီနောက် ကိုယ်သိမ်းချင်တဲ့ နေရာနဲ့ ဖိုင်နာမည် ကိုသတ်မှတ်ပြီး OKဆိုတာနဲ့ ပြောင်းပြီးသား pdf file ကိုမြင်ရမှာဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်

Posted by ဖက်တီးလေး at 11:57 PM

Thursday, October 9, 2008

အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်ကိုပဲ သုံးချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်လဲ File size (13.1MB)ပဲရှိတဲ့WordWeb က သင့်တော်တဲ့ အဘိဓာန်လေးတစ်ခုပါ။

WordWebကို ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်။
Installation လုပ်တာကတော့ တခြားသာမန် ဆော့ဖ်ဝဲလ်တွေလိုပါပဲ။
Wizard မှာညွှန်ပြထားတဲ့ အတိုင်းလိုက်လုပ်သွားရုံပါပဲ။
တစ်ခုရှိတာက အဘိဓာန်ကိုတစ်ခုထက်ပိုပြီးသုံးချင်သူတွေအတွက်ကတော့ Hot Key Combination မှာမိမိနှစ်သက်ရာ မတူတဲ့ Combination လေးတွေ (ဥပမာ- တစ်ခုက Alt+right-click ဆို နောက်တစ်ခုကCtrl+right-click လိုမျိုး) တွဲပေးထားဖို့ပါပဲ။

ဆက်ဖတ်ရန်...

အင်္ဂလိပ်-မြန်မာ အဘိဓာန်

Posted by ဖက်တီးလေး at 10:59 PM

ဒီ ဘေဘီလုံဆိုတဲ့ အဘိဓာန်လေးက File Size (41MB)လောက်ပဲရှိပြီး အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်လေးဖြစ်တာမို့ သူငယ်ချင်းအားလုံးကို မျှဝေပေးလိုက်တာပါ။

ဘေဘီလုံ ဆော့ဖ်ဝဲလ်လေးကို ဒီမှာ download လုပ်ယူပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်စေဖို့အတွက် language pack ကိုတော့ ဒီမှာ download လုပ်ယူပါ။
ပြီးရင် အောက်မှာရေးထားတဲ့အတိုင်း Install လုပ်ရုံပါပဲ။
ပထမဆုံး Babylon6_setup.exe ကို double-click နှိပ် run ပြီး install လုပ်ပါ။

installation ပြီးရင် desktop task bar ညာဘက်အောက်ခြေမှာရှိတဲ့ system tray ထဲက babylon ကို right-click နှိပ် exit လုပ်ပါ။
နောက်တဆင့်က babylon.6.0.3.4.pro-patch.exe ကို babylon installation folder ဖြစ်တဲ့ "My Computer\C:\Program Files\Babylon\Babylon-Pro\" ထဲကို copyကူးထည့်ပါ။

ပြီးရင် babylon.6.0.3.4.pro-patch.exe ကို double-click နှိပ် run လိုက်ပါ။
နောက်ဆုံးအဆင့်ကတော့ padonma-english-myanmar.bgl ဖိုင်ကို double-click နှိပ် install လုပ်ရုံပါပဲ။

သူငယ်ချင်းတို့အတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်လေးဖြစ်ပါစေလို့ ဆန္ဒမွန်ဖြင့်...

ဆက်ဖတ်ရန်...

ရှာရှာဖွေဖွေ ကစားကြမယ်...

Posted by ဖက်တီးလေး at 6:03 PM

(၁)
ကွန်ပျူတာထဲက ကြိုက်တဲ့နေရာမှ CON ဆိုတဲ့နာမည်နဲ့ Folder လေးတစ်ခုဆောက်ကြည့်ပါ။
ဆောက်လို့ရရင် အကြောင်းကြားလိုက်။ မုန့်ဝယ်ကျွေးမယ်နော်...:)

(၂)
NotePad အသစ်တစ်ခုဖွင့်၊ Bush hid the facts ဆိုတဲ့စာလေးရိုက်ပြီး ကြိုက်တဲ့နာမည်နဲ့ သိမ်းလိုက်ပါ။ ဖိုင်ကို ပိတ်ပြီး နောက်တစ်ခါပြန်ဖွင့်ကြည့်ပါ။
ဘာတွေပြောင်းသွားတာတွေ့လဲ။

(၃)
Microsoft Word မှာ ဖိုင်တစ်ခုဖွင့်ပြီး =rand (200, 99) ဆိုတာလေးကိုရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ။
ဘာတွေ့ရလဲ။

(၄)
NotePad အသစ်တစ်ခုဖွင့်၊ .LOG ဆိုတဲ့စာလေးရိုက်ပြီး ကြိုက်တဲ့နာမည်နဲ့ သိမ်းလိုက်ပါ။ ဖိုင်ကို ပိတ်ပြီး နောက်တစ်ခါပြန်ဖွင့်ကြည့်ပါ။
လက်ရှိအချိန်နဲ့နေ့စွဲကိုတွေ့ရပါလိမ့်မယ်။

ဆက်ဖတ်ရန်...

တွေးတွေးပြီးရယ်...

Posted by ဖက်တီးလေး at 10:38 PM

Wednesday, October 8, 2008

(၁)
သင့်အနာဂတ်ဟာ သင့်အိပ်မက်တွေပေါ်မှာ မူတည်နေတယ်။
အချိန်မဖြုန်းနဲ့...မြန်မြန်အိပ်။


(၂)
တချို့အလုပ်ရှင်တွေဟာ တိမ်တွေလိုပဲ။
သူတို့ပျောက်ကွယ်သွားတာနဲ့ တပြိုင်နက်တည်း အဲဒီနေ့ဟာ ချက်ချင်းပဲ တောက်ပလာတယ်။

(၃)
ကားမောင်းရင်း အရက်မသောက်ပါနဲ့။
အရက်ဖိတ်ကျနိုင်သောကြောင့်ဖြစ်သည်။

(၄)
အမျိုးသမီးတွေဟာ ယောက်ျားတစ်ယောက်ကို တစ်နေ့နေ့မှာ ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပြီး လက်ထပ်ကြတယ်။
အမျိုးသားတွေဟာ မိန်းမတစ်ယောက်ကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ ယုံကြည်ပြီး လက်ထပ်ကြတယ်။
နှစ်ဖက်လုံး မှားကြတာပဲ။

ဆက်ဖတ်ရန်...

ပညာရှိ မေမေ...

Posted by ဖက်တီးလေး at 9:17 PM

တစ်နေ့မှာ အခန်းဖော် “စုနီတာ”ဆိုတဲ့မိန်းကလေးနဲ့အတူတူနေတဲ့ “ကူမာ”ဆီကို သူရဲ့မေမေဟာ ညနေစာစားဖို့ ရောက်လာခဲ့တယ်။
ညနေစာစားဖို့ ပြင်ဆင်နေချိန်တစ်လျှောက်လုံးမှာ “ကူမာ”ရဲ့မေမေဟာ သူမကူညီပေးစရာ ဘာမှမလိုတာကြောင့် “စုနီတာ” လုပ်ကိုင်နေတာတွေကို ကြည့်နေရင်း “ကူမာ”ရဲ့အခန်းဖော် “စုနီတာ”က တော်တော်လှတာပါလားလို့ သတိထားမိလာတယ်။

အရင်ကတည်းက သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို သံသယရှိခဲ့ရာက အခုတော့ အဲဒါကို သိချင်စိတ်ပိုမိုလာခဲ့တယ်။
ညနေပိုင်းလည်းရောက်ရော...သူတို့နှစ်ယောက်ရဲ့ဆက်ဆံပုံကိုကြည့်နေရင်းက သူ့သားနဲ့သူ့အခန်းဖော်တို့နှစ်ယောက်ကြားမှာ သူမအခုမြင်နေရတာထက်ပိုတဲ့ ပတ်သက်မှုတစ်စုံတစ်ရာ ရှိနေနိုင်မလားလို့ စဉ်းစားနေမိတယ်။
သူ့မေမေရဲ့ အတွေးတွေကိုရိပ်မိလိုက်တဲ့ “ကူမာ” က “မေမေဘာတွေစဉ်းစားနေတာလဲ...သားသိတယ်နော်...ဒါပေမယ့်...စိတ်ချပါ မေမေ...ကျွန်တော်နဲ့သူနဲ့က အခန်းဖော်သက်သက်ပါပဲ” လို့ပြောလိုက်တယ်။
နောက်တစ်ပတ်လောက်ကြာတဲ့အခါ...“စုနီတာ” က “ကူမာ”ကို “ရှင့်မေမေပြန်သွားကတည်းက ငွေပန်းကန်ပြားလေးကို ရှာလို့မတွေ့တော့ဘူး။ အဲဒါ သူယူသွားတာများဖြစ်နိုင်မလားဟင်...”လို့ပြောလိုက်တယ်။
ကူမာက “အင်း...မဟုတ်လောက်ပါဘူး...ဒါပေမယ့် သေချာအောင်တော့ ကိုယ် စာရေးပြီးမေးလိုက်မယ်လေ...” လို့ပြန်ပြောလိုက်တယ်။
ဒါနဲ့ သူချက်ချင်းပဲ စာထိုင်ရေးလိုက်တယ်။
မေမေ...
ကျွန်တော့်အိမ်က ငွေပန်းကန်လေးကို မေမေ ယူသွားတယ်လို့ ကျွန်တော်မပြောပါဘူး။
မယူသွားဘူးလို့လည်း ကျွန်တော်မပြောပါဘူး။
ဒါပေမဲ့ ဖြစ်နေတာက မေမေညစာလာစားသွားပြီးကတည်းက အဲဒီပန်းကန်လေး ပျောက်သွားခဲ့တာ။
ချစ်တဲ့
သား
ရက်အတန်ငယ်ကြာပြီးတဲ့နောက် “ကူမာ”ဆီကို သူ့မေမေဆီက စာတစ်စောင်ရောက်လာတယ်။
သား...
မင်းကို “စုနီတာ”နဲ့ အတူတူအိပ်တယ်လို့လည်း မေမေ မပြောပါဘူး။
မအိပ်ဘူးလို့လည်း မေမေ မပြောပါဘူး။
ဒါပေမဲ့ ဖြစ်နေတာက တကယ်လို့သာ သူမသာသူမရဲ့ကိုယ်ပိုင်အိပ်ယာမှာ အိပ်ခဲ့ရင် အခုလောက်ဆို ခေါင်းအုံးအောက်က ငွေပန်းကန်လေးကို တွေ့ပြီးလောက်ပြီပေါ့။
ချစ်တဲ့
မေမေ

ဆက်ဖတ်ရန်...

ကဗျာ အပိုင်းအစလေးများ

Posted by ဖက်တီးလေး at 1:30 PM

ငါ့ကိုသူမေ့သော်လည်း ငါမမှု...
သူအထီးကျန်ဖြစ်မှာကိုသာ စိုးရိမ်မိသည်။
( နှစ်သက်မိသော ဂျပန်ကဗျာလေးတစ်ပုဒ် )

ဆက်ဖတ်ရန်...

အချစ်စစ်ဆိုတာ...

Posted by ဖက်တီးလေး at 10:41 AM

ပန်းခြံတစ်ခုထဲဝယ် ကောင်မလေးက သူ့ချစ်သူကောင်လေးကိုမေး၏။
ကောင်မလေး - ”ကျွန်မက လှသလားဟင်...”
ကောင်လေး - ”ဟင့်အင်း”

ကောင်မလေး - ”ဒါဆို ကျွန်မ ရှင့်အနားမှာရှိနေတာရော ရှင်ပျော်မှပျော်ရဲ့လား...”
ကောင်လေး - ”ဟင့်အင်း”

ကောင်မလေး - ”ဟင်...ဒါဖြင့် ရှင်နဲ့ ကျွန်မဝေးသွားခဲ့ရင်ကော ရှင်စိတ်ဆင်းရဲရမှာလားဟင်...”
ကောင်လေး - ”ဟင့်အင်း”
ကောင်လေးဆီမှ ”ဟင့်အင်း” ဆိုသော အဖြေကို (၃)ခါတိတိ ကြားပြီးသောအခါ ကောင်မလေးခမျာ ၀မ်းနည်းကြေကွဲစွာ ကောင်လေးရှေ့မှ ထွက်သွားဖို့ပြင်လိုက်တယ်။
ရုတ်တရက် ကောင်လေးက ကောင်မလေးရဲ့လက်ကို ဖမ်းဆွဲထားလိုက်ပြီး...
”မင်းက လှတာမဟုတ်ပါဘူး...ချစ်စရာကောင်းတာပါ...
ငါပျော်ဖို့ မင်းကိုငါ့အနားမှာ ရှိနေစေချင်တာမဟုတ်ပါဘူး...ငါ့ရဲ့ရှင်သန်မှုအတွက် မင်းမရှိလို့ကို မဖြစ်တာပါ...
မင်းနဲ့ဝေးရရင် ငါစိတ်ဆင်းရဲရမှာမဟုတ်ပါဘူး...ငါသေသွားနိုင်တာပါ...”လို့ပြောလိုက်တယ်။

ဆက်ဖတ်ရန်...

ဘလော့ဂ်လေးရဲ့အစ...

Posted by ဖက်တီးလေး at 11:44 PM

Tuesday, October 7, 2008

ဘလော့ဂ်လေးတွေကို စိတ်ဝင်စားနေခဲ့မိတာတော့ နဲနဲကြာပါပြီ...
ဒါပေမယ့် ဘယ်ကစပြီး ဘာကိုရေးရမှန်းမသိတာရယ်...အချိန်မပေးနိုင်မှာကိုလဲ စိုးရိမ်မိတာရယ်ကြောင့် သူများတွေရဲ့ဘလော့ဂ်လေးတွေကိုပဲဖတ်ပြီး ကျေနပ်နေမိတယ်...

အဲဒီနေ့ကတော့ ကိုယ်တစ်ယောက်တည်း အရမ်းကို အထီးကျန်နေသလို ခံစားမိတယ်...
ဒါနဲ့ပဲ...အဲဒီလိုအထီးကျန်တာတွေသက်သာစေဖို့..ကိုယ့်ရဲ့ခံစားချက်လေးတွေကို ဝေမျှဖို့အတွက် ဒီဖက်တီးလေးကို ဖန်တီးခဲ့မိတယ်...

စစချင်းမှာတော့ ကိုယ့်အတွက် အခက်အခဲတွေအများကြီးပဲ...
ရှေ့ရှေ့က ဘလော့ဂ် နောင်တော်၊ အမတော်များကိုလည်း တော်တော် ချီးကျူးလေးစားမိပါတယ်...တကယ်...
ကိုယ့်အတွက်တော့ ဒီဇိုင်းရှာရတာကိုက တော်တော်ကြာတယ်...
စိတ်ကြိုက် ဒီဇိုင်း ကလဲ တော်တော်နဲ့ မတွေ့ဘူး...
သူများတွေရဲ့ ဘလော့ဂ်တွေကို လျှောက်ကြည့်လိုက်...ကိုယ်လိုချင်တဲ့ပုံစံလေးရဖို့ကြိုးစားကြည့်လိုက်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုတောင် သတိမရတော့ဘူး...
error ကအမျိုးမျိုးတက်လိုက်... လုပ်ပြီးသားလေးတွေပျောက်သွားလိုက်နဲ့ ရှုပ်ယှက်ကိုခပ်နေရော...
နောက်တော့ ဖက်တီးလေး နဲနဲ ရုပ်လုံးပေါ်လာတဲ့အချိန်မှာ ကိုယ့်ဘလော့ဂ်လေးကို လာလည်တဲ့သူတွေ ရှိစေချင်လာပြန်ရော...
ဒါနဲ့ပဲ..ကိုရဲရင့်ရဲ့ စီဘောက်စ်မှာ ကိုယ့်ရဲ့လင့်ခ်လေးကို သွားထည့်ထားလိုက်တယ်...
သိပ်မကြာဘူး...(ကိုယ့်ရဲ့ လင့်ခ်လေးကို ယောင်မှားပြီးနှိပ်မိကြတယ်ထင်ပါရဲ့...) ကိုယ့်ဆီမှာဧည့်သည်တော် အရေအတွက်က တဖြည်းဖြည်းနဲ့ တိုးလာခဲ့တယ်...
အဲဒါကို ထိုင်ကြည့်နေရင်း ကိုယ့်မှာဝမ်းသာလိုက်ရတာလေ...တကယ်ပါပဲ...

အဲဒါနဲ့ပဲ...ဟိုလိုပြင်လိုက် ဒီလိုပြင်လိုက်လုပ်နေတာ...နောက်ဆုံးမှာ error တက်ပြီး ကိုယ်လုပ်ထားတာလေးတွေ အားလုံးပျောက်ကုန်ပါလေရော...
နာရီကြည့်လိုက်တော့ မနက် (၁း၃၀)ဆိုတော့ မိုးလင်းရင်ကျောင်းသွားရဦးမှာဆိုပြီး စိတ်လျှော့ပြီး အိပ်ယာဝင်လိုက်ရတယ်...
ညနေကတည်းက(ကိုယ့်အတွက်ကတော့) ခက်ခက်ခဲခဲ လုပ်ထားရတာလေးတွေ ပျောက်သွားတာဆိုတော့ စိတ်မကောင်းတာနဲ့ တော်တော်နဲ့တောင်အိပ်မပျော်ဘူး...

ဒါနဲ့..မနက်လင်းတော့ Lab ကိုပြေး... Lab ရောက်တော့လဲ စာဖတ်ရတာစိတ်မ၀င်စားပါဘူး...
စာဖတ်ချင်ယောင်ဆောင်လိုက်...Professor မသိအောင် ဘလော့ဂ်လေးကို ခိုးရေးလိုက်နဲ့...ဟဲဟဲ...
အဲဒါနဲ့စာဖတ်လို့လဲမရတဲ့အတူတူ..မထူးပါဘူးဆိုပြီး..စောစောပြန်လာလိုက်တယ်လေ...

ရောက်ရောက်ချင်း ထမင်းအိုးမြန်မြန်တည်ပြီး...ထမင်းကျက်တာစောင့်ရင်း...ဘလော့ဂ်လေး ဆက်ရေးနေလိုက်တယ်...
ဒီနေ့တော့ မဆိုးဘူးထင်တာပဲ...error လဲသိပ်မတက်တော့ဘူး...နောက်ပြီး ကိုယ့်စိတ်ကြိုက်ပုံစံလေးလဲ ဖြစ်လာတယ်...
အဲဒါနဲ့ပဲ..မောင်တီးရဲ့ ကျွန်တော့်အိမ် စီဘောက်စ်မှာ ကိုယ့်ရဲ့လင့်ခ်လေးကို ထပ်သွားထည့်လိုက်တယ်...

နောက်တစ်ခုက ဒီနေ့ မှတ်မှတ်ရရ ကိုယ့်ရဲ့ စီဘောက်စ်မှာ someone က message လေး တစ်ခုထားသွားတယ်...
ကိုယ့်ရဲ့ပထမဆုံးသူငယ်ချင်းလေးပေါ့... ကျေးဇူးကမ္ဘာပါ...someone ရေ...နောက်လဲလာလည်နော်...
အကြံပြုဝေဖန်ချက်အားလုံးကိုလည်း နွေးထွေးစွာ ကြိုဆိုလျှက်ပါ...

ဆက်ဖတ်ရန်...

IT ဟာသများ...

Posted by ဖက်တီးလေး at 8:38 PM

(၁)
မိန်းမ - ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား- Set Default
မိန်းမ - ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား- Bad command or file name

မိန်းမ - ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင်ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား- Drive not ready
မိန်းမ - ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့ပိုစားဝင်တာပေါ့။
ယောက်ျား - Access denied
မိန်းမ - ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား- Not enough memory
မိန်းမ - ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက်အလျှော့ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား - Divide Over Flow
မိန်းမ - ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့နည်းလမ်းတွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား- Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့အားရပါးရအော်ပြီး လဲကျသွားပါလေ တော့သည်။


(၂)
သို့

ချစ်ရပါသော ကောင်မလေး...
ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ...Connection ကလည်း ခဏခဏDown...မီးကလည်းပျက်တစ်လှည့် မလာတစ်လှည့်မို့ခုမှရေးနိုင်ပို့နိုင်တယ်....ဒါတောင် ရေးရင်းတန်းလန်းဘုရားတနေရတယ်..ဒါကြောင့် ကိုယ် ရည်းစားစာရေးရင်းကုသိုလ်တော်တော်ရလိုက်တယ်...သာဓုခေါ်ပေတော့..ဟီး..
ကိုယ် မင်းကို စတွေ့တွေ့ ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virusရုတ်တရက်ဝင်သလို..နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်…
ကိုယ့်ရင်ထဲကို Spy Virusလို..Trojanလို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေကကိုယ့်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ်မတားဆီးနိုင်တော့ဘူး…
ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး…Recycle Bin ကိုမပို့ပါနဲ့….
(Shift Delete မလုပ်တာကံကောင်းလို့လည်းမပြောပါနဲ့)

ကိုယ့်ရဲ့စာကိုလည်း Spam mail ထဲ မှာလည်း မ add လိုက်ပါနဲ့..Trash ထဲကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့…..
နောက်တစ်ကြိမ် ပို့လို့ မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့….
ကိုယ့်မှာ ဒီစာကို ပို့ဖို့ရာ မလွယ်ဘူး…Connectionကောင်းအောင်စောင့်ရတယ်…Web mail နဲ့ ဆိုတော့ page က တက်မလာလို့ …Refreshလုပ်ရတာ အကြိမ်ကြိမ်….၀ှီး…ခြေကျင်သာ ပြေးပြောချင်တော့တယ်….
ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိမှတ်ပြုသောအားဖြင့် ကိုယ်အချစ်ကို Rejectမလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ…ကိုယ့်နှလုံးသားကိုပိုင်စိုးသောကောင်မလေးရေ…..

ကောင်လေး

(၃)
ချစ်သူ...

မြန်မာပြည်မှာ H5N1 ဖြစ်တုန်းက
ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။
ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ...

ဘတ်(စ်)ကားခတွေဈေးတက်လို့လည်း
စိတ်မပျက်ခဲ့ပါဘူး ။ ။
တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး
နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ...

gtalk banned ခံရလို့ လည်း
နောက်မဆုတ်ခဲ့ပါဘူး ။ ။
ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 
chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ...

chatting အမျိုးမျိုးနဲ့ 
နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို
ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 
လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ...

နင် online မှာရှိနေမယ်ဆို
power တွေတက် ခါးတွေမျက်နေလည်း
အငတ်ငတ်အပြတ်ပြတ်နဲ့ 
ဆက် chat နေပါ့မယ် ချစ်သူ...

မ chat ရင် မနေနိုင်တာကလွဲလို့ 
မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ ငါ့ကို
နင့်ရဲ့ဘ၀ထဲက
ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ...

Chatting Thesis နဲ့  Internet Course မှာ
Solid Distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို
account အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့မိတဲ့ ငါ့ရဲ့IP address ကို
ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ...

နင့်ကို chat ပြီး ချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 
နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့
ငါ့ရဲ့နှလုံးသားကို
ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ...

မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့
ငါ့ရဲ့နှလုံးသားကို
အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...

ငါ့ဟာငါ register လုပ်ခဲ့ပြီး
ငါ့ဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို
နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ...

ကျေးဇူးရှင် chat senior များရဲ့
သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့
နင့်ရဲ့နှလုံးသားကိုလည်း
ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ...

ချစ်သူ...
တကယ်တော့
ငါဟာနင့်ရဲ့ဘ၀ထဲကို
လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။


(၄)
တစ်နေ့မှာ ကောင်ကလေးက သူ့အဖေကိုမေးတယ်။

”ဖေဖေ...သားသားကိုဘယ်လိုမွေးလာတာလဲဟင်။”
အဖေလုပ်သူက ပြန်ပြောတယ်။
”ကောင်းပြီ...ငါ့သား...မင်း တစ်နေ့ ဒီလိုမေးလာလိမ့်မယ်ဆိုတာ ဖေဖေသိပြီးသားပါ။ ဒီလိုကွ..တစ်နေ့မှာ
မင်းမေမေနဲ့ ဖေဖေတို့ နှစ်ယောက်ဟာ Yahoo Chat room ထဲမှာ အမှတ်မထင် တွေ့ခဲ့ကြတယ်။ နောက်တော့ မင်းရဲ့မေမေနဲ့ e-mail ကတဆင့် date လုပ်ပြီးတော့ Cyber-cafe တစ်ခုမှာဆုံဖြစ်ကြတယ်။ ဖေဖေတို့နှစ်ယောက် secluded roomတစ်ခုမှာ ချိန်းတွေ့ခဲ့ကြပြီးနောက် မင်းမေမေက ဖေဖေ့ရဲ့hard drive ကနေ တစ်စုံတစ်ခု download လုပ်ဖို့ သဘောတူခဲ့တယ်။ ဒါနဲ့ ဖေဖေလည်း upload လုပ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ ဖေဖေတို့နှစ်ယောက်စလုံး firewall မသုံးမိခဲ့ဘူးဆိုတာ သတိပြုမိလိုက်တယ်။ ဒါပေမယ့် delete လုပ်ဖို့တော့ အရမ်းကိုနောက်ကျသွားခဲ့ပြီ။ နောက် (၉)လကြာတဲ့အချိန်မှာ Pop-Up တစ်ခုပေါ်လာပြီး “Scroll down... You'll love this .... ” လို့ပြောတော့တာပါပဲကွာ။”


ဆက်ဖတ်ရန်...

မဆုတ်သာမတိုးသာ အခြေအနေ...

Posted by ဖက်တီးလေး at 8:25 PM

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။
”ငါတို့ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။”
အတွင်းရေးမှူးမက သူ့ယောက်ျားထံ ဖုန်းဆက်၏။

”ကျွန်မသူဌေးနဲ့ ကျွန်မ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော်”
ယောက်ျားက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
”ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။”
တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။
”ငါ တစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး”
ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။
”ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။”
အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။
”ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို မတက်နိုင်တော့ဘူး။”
အတွင်းရေးမှူးက သူ့ယောက်ျားကို ဖုန်းခေါ်သည်။
”ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။”
ယောက်ျားက သူ့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။
”ငါတို့ ဒီတစ်ပတ် အတူတူ အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။”
တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။
”ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။”
ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။
”ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့။ အဘိုးနဲ့ အဖော်မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။”
အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။
”ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။”
(အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေ"DeadLock"ဟု ခေါ်သည်။)

ဆက်ဖတ်ရန်...