တစ်ခါက နာရာဒ ဆိုတဲ့ လူတစ်ယောက် ရှိတယ်ဆိုပဲ၊ အဲဒီလူဟာ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောလို့ရတယ်တဲ့။ တစ်နေ့မှာ နာရာဒဟာ တောအုပ်ကြီး တစ်ခုအတွင်းကိုဖြတ်ဝင်သွားတယ်။ သစ်ပင်တစ်ပင်အောက်မှာ ယောဂီကြီးတစ်ဦး ထိုင်နေတာကို တွေ့ရတယ်၊ သူ့ရဲ့ အကျင့်က ထိုင်ပြီးကျင့်ရတဲ့ အကျင့်ဖြစ်တယ်၊
အဲဒီယောဂီကြီးကို နာရာဒက "ဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိတယ်၊ ဘာမှာ အုံးမလဲ" လို့ မေးလိုက်တယ်။
အဲဒီတော့ ယောဂီကြီးက "ကျုပ်ဒီလို ထိုင်ပြီးကျင့်နေတာအနှစ်လေးဆယ်ရှိပြီ၊ ဘယ်တော့ ကောင်းကင်ဘုံ တံခါးကို ဖွင့်ပေးမလဲ လို့ မေးလိုက်စမ်းပါ"လို့ပြန်ပြီးပြောတယ်၊ အဲဒီမှာ နာရာဒက "ကောင်းပြီလေ၊ မေးပေးပါမယ်" ဆိုပြီးထွက်သွားတယ်၊ တောနက်ထဲရောက်တော့ ကောင်းကင်ကို မော့ပြီး ယောဂီကြီး မေးတဲ့စကားကို ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေ ကို မေးပေးတယ်။
အဲဒီမှာ ကောင်းကင်ဘုံက အသံတစ်သံကြားရတယ်။ "အဲဒီယောဂီထိုင်နေတဲ့ သစ်ပင်မှာရှိတဲ့ သစ်ရွက်အရေအတွက်ဟာ သူဖြည့်ကျင့်ဖို့ ကျန်တဲ့ ဘ၀အရေအတွက်ပဲ" လို့ပြန်ပြီးဖြေတယ်။ အဲဒီအဖြေကို နာရာဒက ယောဂီကြီးထံ ပြန်လာပြီး ပြောပြတယ်၊
အဲဒီမှာ ယောဂီကြီးက အတော်ကို ဒေါပွသွားတယ်၊ အခုလုပ်လာတာလည်း အနှစ်လေးဆယ်ရှိပြီ၊ ဒါကလည်း မပြီးသေးဘူး၊ နောက်လုပ်ရမည့်ဟာတွေကလည်း နှစ်တွေမဟုတ်ဘူး၊ ဘ၀တွေတဲ့၊သစ်ရွက် အရေအတွက်လောက်လုပ်ရမယ်ဆိုေ တာ့ သစ်ရွက်အရေအတွက်ကလည်း မနည်းဘူး၊ သစ်ပင်ကလည်း မကျည်းပင်၊ မလုပ်တော့ဘူး၊ ပြန်မယ် ဆိုပြီး ထပြီးပြန်သွားတယ်။အဲဒီအခါမှာ နာရာဒဟာ ရှေ့ဆက်ပြီး လျှောက်သွားတော့ သစ်ပင် တစ်ပင် အောက်မှာ ယောဂီလူငယ်တစ်ယောက် ခုန်နေတာကို တွေ့ရတယ်၊ အဲဒီယောဂီလေးကို နာရာဒက ကောင်းကင်ကို ဘာမှာချင်သေးလဲ။ သူဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောစရာရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီယောဂီလေး ကျင့်နေတဲ့ကျင့်စဉ်က ခုန်ပြီးကျင့်တဲ့ ကျင့်စဉ်လိုတယ်၊ ယောဂီလေးက "ကျုပ်ကတော့ ကျင့်နေတာပါပဲ၊ ကောင်းကင်ကို မေးပေးစေချင်တာကတော့ နောက်ထပ် ဘယ်လောက် ခုန်ရအုံးမှာလဲ" လို့ပြန်ပြီး ပြောလိုက်တယ်။
အဲဒီအခါမှာ နာရာဒက တောထဲကို ၀င်သွားတယ်၊ ကောင်းကင်ကို မော့ပြီးတော့ ယောဂီလေးအတွက် မေးပေးပြန်တယ်၊ ကောင်းကင်ဘုံကလည်း ပြန်ပြီးဖြေတယ်၊ "ဒီတောထဲမှာရှိတဲ့ မကျည်းပင်တွေမှာရှိတဲ့ မကျည်းရွက်ကလေးတစ်ရွက်ဟာ ဘ၀တစ်ခုပါ။ အဲဒီဘ၀တွေလောက် ခုန်ပြီးရင် တံခါးဖွင့်ပေးမယ်" လို့ပြန်ပြီးပြောတယ်၊
အဲဒီတော့ နာရာဒဟာ ယောဂီလေးဆီပြန်လာပြီး အဲဒီအတိုင်း ပြန်ပြောတယ်၊ ယောဂီလေးဟာ နာရာဒရဲ့ စကားကို ကြားတာနဲ့ အတော်ကို ပျော်သွားတယ်၊
ပြီးတော့ … "ကော်တာပဲ၊ အရင်တုံးက ဘယ်လောက် လုပ်ရမှန်းမသိပဲ လုပ်နေရတာ၊ အခုတော့ အရေအတွက် သိရပြီ။ ဒီအချက်ဟာ အားရှိစရာ ကောင်းတဲ့ အချက်ပဲ၊ ဆက်ပြီးခုန်မယ်" လို့ပြောပြီး ပေါ့ပါးသွက်လက်တဲ့ စိတ်နဲ့ ခုန်လိုက်တယ်၊
အဲဒီအခါမှာပဲ ကောင်းကင်ဘုံက ကောင်းချီးပေးသံကြားရတော့တယ်၊ တံခါးဖွင့်လိုက်ပါပြီတဲ့။
(ဖတ်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ပါ .. သူငယ်ချင်းတို့လည်း ဘ၀မှာ .. ဘယ်တော့ လုပ်စရာတွေပြီးမလဲဆိုတာ သိပ်စိုးရိမ်မနေပါနဲ့ … လုပ်နေဖို့သာ အရေးကြီးတာမဟုတ်လား … )
အလွမ်း
4 years ago
0 comments:
Post a Comment